ဒီဒါင်းမေ၊ မောင်မင်းမော်၊ ဇန်နဝါရီ ၂၀
မီးလောင်ခဲ့သည့် ရတနာပုံဈေး Sky Walk အဆောက်အဦး၏ မြေညီထပ်ဆိုင်ခန်းများကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က Mandalay In-depth News အား ပြောသည်။
“သုံးရက်ကနေ ငါးရက်အတွင်း ဖွင့်နိုင်ဖို့ကြိုးစားမယ်” ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရတနာပုံစူပါစင်တာ Sky Walk အဆောက်အဦးသည် ဇန်နဝါရီ(၁၇)ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ပထမထပ်သာ လောင်ကျွမ်းပျက်စီးမှု ရှိခဲ့ပြီး ကျန်အထပ်များတွင် မီးကူးစက်လောင်ကျွမ်းမှု မရှိကြောင်း စည်ပင်သာယာနှင့် မီးသတ်ဌာနများက ထုတ်ပြန်ထားသည်။
မီးလောင်ခဲ့သည့် အဆောက်အဦးအား အင်ဂျင်နီယာအဖွဲ့ပေါင်းစုံ ပါဝင်သည့် အဆောက်အဦ ထိခိုက်ပျက်စီးမှုနှင့် ခိုင်ခန့်မှု စစ်ဆေးရေးအဖွဲ့၏ ပဏာမ စစ်ဆေးတင်ပြချက်အရ ကြံ့ခိုင်မှု ရှိနေပြီး အဆောက်အဦး ဖြိုချရန် မလိုအပ်ဟု ဆိုသည့်အတွက် မြေညီထပ် ဈေးဆိုင်ခန်းများကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ပြောသည်။
“အားနည်းသွားတဲ့ နေရာအချို့ကလွဲရင် ကြံ့ခိုင်မှုကောင်းတဲ့အတွက် အဆောက်အဦကိုဖြိုချဖို့ မလိုပါဘူး”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ဆိုသည်။
မီးလောင်ခဲ့သည့် ရတနာပုံစူပါစင်တာ အဆောက်အဦးကို ဖြိုချရန်မလိုအပ်ဘဲ နေရာ ငါးနေရာခန့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရာတွင် အချိန် သုံးလခန့်ကြာမည်ဟု ၎င်းက ဆိုသည်။
ရတနာပုံစူပါစင်တာသည် အလျား(၄၆၈)ပေ၊ အနံ(၄၅၀)ပေရှိ Basement + RC (၆)ထပ် အဆောက်အဦးဖြစ်ပြီး မြေညီထပ်တွင် ပန်းကန်၊ ကုန်စုံကုန်ခြောက်စသည့် ဆိုင်ခန်း (၁၅၆၂)ခန်း၊ ပထမထပ်တွင် Sky Walk ဈေးဝယ်စင်တာ ဆိုင်ခန်း(၁၅၅)ခန်း၊ ဒုတိယထပ်တွင် မန္တလေး Yatanar Mall ဆိုင်ခန်း (၃၈၂)ခန်း၊ တတိယထပ်တွင် ICT YCC စာသင်ခန်း (၃၀)ခန်း၊ စတုတ္ထထပ်တွင် MRCCI အပါအဝင် ရုံးခန်းများ၊ ပဉ္စမထပ်တွင် MCC သင်တန်းခန်းမများ တည်ရှိသည်။

ရတနာပုံဈေး မီးလောင်မှုကြောင့် အတူတွဲကာ ကပ်လျှက်တည်ဆောက်ထားသည့် ဒိုင်းမွန်ပလာဇာကိုလည်း ယာယီပိတ်ထားရာ လက်ရှိအခြေအနေအရ ဒိုင်းမွန်းပလာဇာ မြေညီထပ်ရှိ Ocean စင်တာမှာလည်း တစ်ပါတ်အတွင်း ပြန်လည် ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ဟု မြို့တော်ဝန်က ဆိုသည်။
“ရတနာပုံဈေး မြေညီထပ် နဲ့ Ocean က တစ်ပတ်ကျော်လောက်အတွင်းမှာ ပြန်ဖွင့်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ Diamond Plaza ကတော့ ရေစိုပျက်စီးသွားတဲ့ မျက်နှာကျက်တွေ ပြန်ပြင်ပြီးတာနဲ့ ဖွင့်နိုင်မှာပါ”ဟု မြို့တော်ဝန်က ဆိုသည်။
ဒိုင်းမွန်းပလာဇာ မန်နေဂျာ ကိုသန့်ဇော်ဦးက ရတနာပုံဈေး မီးလောင်မှု ငြှိမ်းသတ်စဉ် ရေစိုခဲ့သဖြင့် မျက်နှာကျက်များ ပျက်စီးမှုရှိခဲ့ကြောင်း၊ ယနေ့တွင် အဆိုပါ အပျက်အစီးများကို သန့်ရှင်းရေးလုပ်ဆောင်နေပြီး လျှပ်စစ်မီးကြိုးများ စစ်ဆေးပြီးပါက ဈေးပြန်လည်ဖွင့်လှစ်နိုင်ရန် စည်ပင်သာယာသို့ တင်ပြမည်ဟု ပြောသည်။
#Mandalay_Indepth_News
#Mandalay_News