ရိုက်နှက်မှု၊ တိုးဂိတ်ဖျက်ဆီးမှုနှင့် ငွေကြေးလုယက်မှုများဖြင့် ဝိုင်းရိုက်သည့် အမျိုးသား (၂၀) ဦးကို အမှုဖွင့်
ဒီဒါင်းမေ၊ မောင်မင်းမော်၊ ဇန်နဝါရီ ၂၀
မန္တလေးမြို့၊ မြစ်ငယ်-ထုံးဘို တိုးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် စည်ပင်သာယာ ဝန်ထမ်းများအား ဝိုင်းဝန်း ရိုက်နှက်မှု၊ တိုးဂိတ် အဆောက်အဦး ဖျက်ဆီးမှု၊ ငွေကြေးလုယက်မှုများဖြင့် အမရပူရမြို့နယ် ရှားတောလေးကျေးရွာမှ အမျိုးသား (၂၀) ဦးကို အမှုဖွင့်အရေးယူထားကြောင်း မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ပြောသည်။
ဇန်နဝါရီ(၁၉)ရက်၊ ညနေ (၅)နာရီဝန်းကျင်က မန္တလေးမြို့အထွက် ထုံးဘို-မြစ်ငယ် တိုးဂိတ်တွင် မြစ်ငယ်ဘက်မှလာသည့် အလှူလှည့်ကားများကို တာဝန်ကျ စည်ပင်ဝန်ထမ်းများမှ ဖြတ်သန်းသွားရန် လမ်းရှင်းပေးနေစဉ် ထော်လာဂျီတစ်စီးက လမ်းပြောင်းပြန် ဖြတ်ဝင်လာကြောင်း၊ အဆိုပါ ထော်လာဂျီကို စည်ပင်ဝန်ထမ်း (၂) ဦးက လမ်းကြောင်းလွှဲပေးရာ မလိုက်နာဘဲ စကားများရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။
“ဝန်ထမ်းတွေက အလှူလှည့်တန်းကို သွားဖို့ လမ်းရှင်းပေးနေတုန်း ထော်လာဂျီတစ်စီးက လမ်းပြောင်းပြန် ဖြတ်ဝင်လာတာ။ အဲ့ဒီ ထော်လာဂျီကို တားတာပေါ့၊ အဲဒီနားမှာ ဝန်ထမ်းတွေကလည်း အများကြီးဆိုတော့ သူတို့လူနဲ့ ပြဿနာဖြစ်တယ်ထင်ပြီး အလှူကားပေါ်က လူတွေက ဘာမှမပြောဘဲ တုတ်တွေ၊ ဂေါ်ပြားတွေနဲ့ ဝိုင်းရိုက်ကြတာ” ဟု ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက Mandalay In-depth News အား ပြောသည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်သဖြင့် စည်ပင်ဝန်ထမ်းများ ရုံးခန်းအတွင်းသို့ ဝင်ပြေးရာ အလှူယာဉ်တန်းပေါ် လိုက်ပါလာသူများက ၎င်းရုံးခန်းအား တုတ်၊ခဲများဖြင့် ပစ်ပေါက်ရိုက်ခွဲကြောင်း၊ ထို့အပြင် ငွေကောက်ကောင်တာတစ်ခုမှ ပိုက်ဆံများလည်း ယူဆောင်သွားကြောင်း ၎င်းက ပြောသည်။

ထော်လာဂျီနှင့် အလှူလှည့်ယာဉ်တန်းပေါ် ပါသူများသည် တစ်ရွာတည်းသားများဖြစ်ပြီး အမရပူရမြို့နယ် ရှားတောလေးကျေးရွာမှ ဖြစ်ကြောင်း၊ ထော်လာဂျီကို စည်ပင်ဝန်ထမ်းများက တားဆီးစဉ် စကားများရာမှ ရှင်ပြုအလှူယာဉ်တန်းနှင့် လိုက်ပါလာသူများကပါ စည်ပင်ဝန်ထမ်းများကို ဝိုင်းဝန်းရိုက်နှက်ခြင်း ဖြစ်သည်ဟု စည်ပင်တာဝန်ရှိသူများက ပြောသည်။
“ရနု်းရင်းဆန်ခတ် ဖြစ်တဲ့အတွက် lane ၃ နဲ့ ၄ ကြား ပလက်ဖောင်းမှာ ချထားတဲ့ ငွေထည့်တဲ့ အနီရောင် ပလတ်စတစ်ပုံးကို ရိုက်ခဲ့ပြီး ငွေအချို့ကို လမ်းပေါ် လွှင့်ပစ်တယ်။ ငွေအချို့ကို ယူငင်သွားပါတယ်။ ကွန်ပျူတာစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ ငွေ (၁၀၄၇၀၀) ပျောက်ဆုံးပါတယ်။ အဖြစ်အပျက်ကို စီစီတီဗီ မှတ်တမ်းများက ရိုက်ယူရရှိထားပြီး ဖြစ်ပါတယ်” ဟု မန္တလေးမြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောသည်။
အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း စည်ပင်ဝန်ထမ်း အမျိုးသား (၁၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သလို တိုးဂိတ်အဆောက်အဦး ဖျက်ဆီးခံရပြီး မြို့ဝင်ကြေးကောက်ခံထားသည့် ငွေကျပ် တစ်သိန်းကျော်ကို ပျောက်ဆုံးခဲ့သည်ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
ငွေကျပ် လေးသိန်းနီးပါး ပျက်စီးဆုံးရှုံးသည့် အတွက် အမရပူရမြို့နယ် ရှားတောလေးကျေးရွာမှ အမျိုးသား (၂၀) ဦးကို အရေးယူပေးရန် မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက မြစ်ငယ်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားသည်ဟု ဆိုသည်။
မြို့ဝင်ကြေး ကောက်ခံသည့် မြစ်ငယ် – ထုံးဘို တိုးဂိတ်သည် မန္တလေးမြို့၏ တောင်ဘက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး လမ်းပေါ်ရှိမြို့များ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်မှ ယာဉ်များ ဝင်ရောက်ဖြတ်သန်းသွားလာသည့် ဂိတ်ဖြစ်သည်။

ထုံးဘို-မြစ်ငယ် တိုးဂိတ် အပျက်အစီးများ/ Photo – ဦးကျော်ဆန်းမြင့်
#Mandalay_Indepth_News
#Mandalay_News #MCDC #TollGate #Conflict
အဲ့ဒီတိုးဂိတ်က အဲ့ဒီနေရာနဲ့ မသင့်တော့ဘူး အကွေ့နဲ့ နီးတော့ ယာဥ်ကြော အမြဲကျပ်တယ် တောင်ဘက်နားဖြစ်ဖြစ် မြောက်ဘက်နားဖြစ် ကိုက် ၁၀၀၀လောက် တိုးလိုက်မှ အဆင်ပြေမယ်