မြရည်နန္ဒာအိမ်ယာ တိုက်ခန်းများ ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးမည်၊ တိုက်ခန်း(၅၀၀)ကျော် ရောင်းချရန် မကြာမီ လျှောက်လွှာခေါ်မည်ဟုဆို

ဒီဒါင်းမေ၊ ဇန်နဝါရီ-၁၆

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း တည်ဆောက်ပြီးစီးပြီဖြစ်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာ တိုက်ခန်းများအား ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများကို ယခင်က အစိုးရဝန်ထမ်းများ၊ အငြိမ်းစားများကိုသာ ရောင်းချပေးခဲ့ရာမှ ယခု တတိယအသုတ်အဖြစ် ရောင်းချပေးရာတွင် ကုမ္ပဏီနှင့် ပုဂ္ဂလိက ဝန်ထမ်းများကိုပါ ရောင်းချပေးရန် စီစဉ်နေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 “အခုအခါမှာ ဝန်ထမ်းနဲ့ အငြိမ်းစားတွေရဲ့ ဝယ်လိုအားကလည်း တော်တော်လေး ရှိနေပြီလို့ ယူဆတယ်။ ဝန်ထမ်းနဲ့ အငြိမ်းစားတွေသာမက ပြင်ပကုမ္ပဏီနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကိုပါ  ထည့်သွင်းရောင်းချပေးဖို့ ဆွေးနွေးနေတယ်”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးမြို့တော်စည်ပင် အနေဖြင့် ချမ်းမြသာစည်မြို့နယ်အတွင်း တည်ဆောက်ထားသည့် မြရည်နန္ဒာအိမ်ယာ တိုက်ခန်း (၅၇၄)ခန်းကို ရောင်းချပေးမည်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း တိုက်ခန်းဝယ်ခွင့် လျှောက်လွှာများ စတင် ရောင်းချပေးတော့မည်ဟု ဆိုသည်။

တိုက်ခန်းဝယ်ယူခွင့်နှင့် ပတ်သက်၍ ယခင်အတိုင်း မဲနှိုက်ရွေးချယ်မည်ဖြစ်သော်လည်း  တိုက်ခန်းဝယ်ခွင့် ရရှိပြီးပါက အခန်းနံပါတ် ရွေးချယ်ရန် ယခင်က အာမခံစပေါ်ငွေ ကျပ်(၅)သိန်းသာ တောင်းခံခဲ့ရာမှ ယခုအကြိမ်တွင် အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)အထိ ပေးသွင်းရန် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် တိုက်ခန်းဈေးနှုန်းများကိုလည်း အနည်းငယ်အပြောင်းအလဲ ပြုလုပ်ထားပြီး မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်များကို ယခင်ရောင်းခဲ့သည့်နှုန်းထားထက် အနည်းငယ် ဈေးတိုးမြှင့်ပြီး တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်များကိုမူ အနည်းငယ် ဈေးလျှော့ရောင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြရည်နန္ဒ တန်ဘိုးမျှတအိမ်ယာ တိုက်ခန်းများ/ Photo – ဒီဒါင်းမေ (Mandalay In-depth News)

သို့သော် တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာရောင်းချမည့် နေ့ရက်နှင့် ဝယ်ယူရမည့်စနစ် စသည့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးပေ။

မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာများမှာ အာရ်စီ(၄)ခန်းတွဲ (၆)ထပ်ဆောင်များ ဖြစ်ပြီး တစ်ခန်းလျှင် (၆၆၁)စတုရန်းပေ ကျယ်ဝန်းသည်။ ၂၀၁၉ အတွင်းက ရောင်းချခဲ့သည့် တိုက်ခန်း‌ဈေးနှုန်းများမှာ မြေညီထပ်တစ်ခန်းလျှင် ကျပ်(၂၆၈)သိန်း၊ ပထမထပ် ကျပ်(၂၄၈)သိန်း၊ ဒုတိယထပ် ကျပ် (၂၂၇)သိန်း၊ တတိယထပ် ကျပ် (၂၁၇)သိန်း၊ စတုတ္ထထပ် ကျပ် (၂၀၆)သိန်းနှင့် ပဉ္စမထပ် ကျပ်(၁၉၆)သိန်းဝန်းကျင် ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြီးခဲ့သည့် ၂၀၁၈ သြဂုတ်လအတွင်းက မြရည်နန္ဒာ တန်ဖိုးမျှအိမ်ယာ တိုက်ခန်း(၆၇၀)ကျော်နှင့် ၂၀၁၉ ဇူလိုင်လအတွင်းက တိုက်ခန်း(၅၄၀)ကျော်ကို မန္တလေးခရိုင်အတွင်း နေထိုင်သည့် အငြိမ်းစားနှင့် နိုင်ငံ့ဝန်ထမ်းများထံ ရောင်းချခဲ့ပြီး ဖြစ်သည်။

ထိုသို့ ရောင်းချစဉ်က တိုက်ခန်းမဲပေါက်သူများသည် ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သလို စည်ပင်သို့ ငွေလက်ငင်းပေးချေ၍လည်း ဝယ်ယူနိုင်ပြီး ပထမအရစ် ငွေပေးသွင်းပြီးသည်နှင့် တပြိုင်နက် တိုက်ခန်းတွင် နေထိုင်ခွင့်ရရှိသည်။

မြရည်နန္ဒ တန်ဘိုးမျှတအိမ်ယာ တိုက်ခန်းများ/ Photo – ဒီဒါင်းမေ (Mandalay In-depth News)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်