ဘုန်းနေ၊ ဒီဇင်ဘာ-၂၁
အိန္ဒိကနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲဈေး မြင့်တက်လာကြောင်း ပဲ၊ နှမ်း ကုန်သည်များက ပြောသည်။
မန္တလေးဈေးကွက်တွင် သုံးရက်အတွင်း မတ်ပဲတစ်အိတ်လျင် ကျပ်တစ်သောင်းကျော် ဈေးမြင့်တက်လာပြီး ဒီဇင်ဘာ(၁၈)ရက်က မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀) ဝန်းကျင်သာ ရှိခဲ့ရာမှ ဒီဇင်ဘာ(၂၁)ရက်တွင် ကျပ်(၁၀၅၀၀၀)အထိ ဈေးမြင့်တက်လာခြင်း ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။
“အိန္ဒိယက မတ်ပဲ တစ်မျိုးတည်း ဝယ်မှာဆိုတော့ ရှိတဲ့ဈေးထက်တော့ ပိုတက်သွားတာပေါ့။ တောင်သူတွေ အတွက်လည်း မတ်ပဲ ပေါ်ချိန်ဆိုတော့ အဆင်ပြေတာပေါ့”ဟု မန္တလေးမြို့ ပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အလုပ်အမှုဆောင် ဦးတင်အောင်မိုးက ပြောသည်။
အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပ ကုန်သွယ်ရေး ဦးစီးဌာနက မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံ ဝယ်ယူတင်သွင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ(၁၉)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံက ထပ်မံဝယ်ယူမည့် မတ်ပဲတန်ချိန် နှစ်သိန်းခွဲကို ၂၀၂၀ မတ်လကုန် နောက်ဆုံးထားကာ အိန္ဒိယဆိပ်ကမ်းသို့ အရောက် တင်သွင်းရမည်ဟု ဖော်ပြထားကြောင်း ဦးတင်အောင်မိုးက ရှင်းပြသည်။
လက်ရှိ မန္တလေးဈေးကွက်တွင် မတ်ပဲ ဝယ်လိုအား များနေပြီး ဈေးနှုန်း ဆက်လက်မြင့်တက်ဖွယ် ရှိကြောင်း စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က သုံးသပ်သည်။
“ကောင်းတဲ့ လက္ခဏာပါပဲ။ လက်ရှိဈေးထက် မြင့်တက်လာစရာပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးကုန်စည်ဒိုင်၏ ဒီဇင်ဘာ(၂၁)ရက် ထုတ်ပြန်ချက်အရ မတ်ပဲ ဈေးနှုန်းများမှာ သုံးတင်းဝင် တစ်အိတ်လျင် (အသစ်) ကျပ် ၁၀၅၀၀၀၊ အဟောင်း ကျပ် ၉၅၀၀၀၊ လုံး/ချွတ် တစ်ပိဿာလျင် ကျပ် ၁၈၀၀ နှင့် မတ်ပဲခြမ်း တစ်ပိဿာလျင် ၁၅၀၀ ကျပ် ဖြစ်သည်။
အိန္ဒိယ၏ ပထမအကြိမ် မတ်ပဲ တန်ချိန် (၁၅၀၀၀) ဝယ်ယူမှု အောက်တိုဘာလကုန်က ရပ်နားခဲ့ပြီးနောက် မန္တလေးဈေးကွက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ကျပ်(၉၃၀၀၀) ဝန်းကျင်အထိ ဈေးကျခဲ့ကြောင်း မန္တလေးမြို့ခံ ဝါရင့်ပဲ၊နှမ်းကုန်သည်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ကလည်း အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများ တင်သွင်းခွင့် ပိတ်သိမ်းခဲ့ရာ ပြည်တွင်းဈေးကွက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ကျပ်(၃၇၀၀၀) အထိ ဈေးကျဆင်းခဲ့သည်။
လက်ရှိတွင် မန္တလေးဈေးကွက်သို့ မတ်ပဲ အသစ်များ ဝင်ရောက်နေပြီ ဖြစ်သည်။ မတ်ပဲကို မြန်မာပြည်အောက်ပိုင်း ဒေသများဖြစ်သော ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့တွင် ဧက အများအပြား စိုက်ပျိုးပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင်လည်း စိုက်ပျိုးမှု ရှိသည်။