Mandalay In-depth news၊ နိုဝင်ဘာ-၂၆
မန္တလေးမြို့တွင် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးနေရှောင်နေသည့် အမျိုးသားတစ်ဦးထံမှ ဌာနဆိုင်ရာ တံဆိပ်တုံးအတုနှင့် စာရွက်စာတမ်းအတု အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မဟာအောင်မြေ မြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မန္တလေးမြို့နေ အသက်(၅၀)အရွယ် ဦးဇော်ဝင်းထွန်းဆိုသူသည် ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ နိုဝင်ဘာ(၂၄)ရက်တွင် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ ကျောပိုးအိတ်နှင့် နေအိမ်အတွင်းမှ ဌာနဆိုင်ရာ တံဆိပ်တုံးများ၊ စာရွက်စာတမ်းအတုနှင့် မိတ္တူများ၊ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် သတ်မှတ်ထားသည့် အဆိုပါ အမျိုးသား၏ ကျောပိုးအိတ်နှင့် နေအိမ်အတွင်းမှ ဌာနဆိုင်ရာ တံဆိပ်တုံးအတု (၇၂)ခု၊ စာရွက်စာတမ်း အတုနှင့် မိတ္တူ (၃၅၉)ရွက်၊ လက်ပ်တော့ တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားသည် မန္တလေးမြို့ မဟာအောင်မြေ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၀/၄၄၇/၄၂၇/ ကျင့် ၅၁၂ (သေစေမှုအတွက် သို့မဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက် ကျူးလွန်သည့် အကျိုးဖျက်ဆီးမှု/ ရာဇဝတ်မကင်းသော ကျော်နင်းမှု/ အကျိုးဖျက်ဆီးမှု)တို့ဖြင့် အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်ကာ ဌာနဆိုင်ရာ တံဆိပ်တုံးအတုနှင့် စာရွက်စာတမ်း အတုများ ထပ်မံ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ၎င်းကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/၄၁၉/ ၄၈၄/ ၄၇၄/ ၄၆၈ (လိမ်လည်မှု/ သူတစ်ပါး အယောင်ဆောင်၍ လိမ်လည်မှု/ ပြည်သူ့ဝန်ထမ်း သုံးစွဲသော အမှတ်အသားအား အတုပြုလုပ်မှု/ စာရွက်စာတမ်းအတု များအား အသုံးပြုရန် လက်ဝယ်ထားရှိမှု/ စာရွက်စာတမ်း အတုပြုလုပ်မှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ ဖမ်းဆီးရမိသည့် ဌာနဆိုင်ရာ တံဆိပ်တုံးအတုများနှင့် စာရွက်စာတမ်း အတုများမှာ မည်သည့်စာရွက်စာတမ်း အမျိုးအစားများ ဖြစ်သည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။
“စစ်ဆေးနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာမှ ပြောလို့မရသေးပါဘူး”ဟု ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသား၏ နေရပ်လိပ်စာ၊ အလုပ်အကိုင် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသလို သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း အတည်ပြု ဖြေကြားခြင်း မရှိဘဲ ထိပ်တန်းလှို့ဝှက် အနေဖြင့် စစ်ဆေးနေသည်ဟုသာ ပြန်လည်ဖြေကြားသည်။