ပုဂံဒေသ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြုပြင်ရန် အလှူငွေ ကျပ်သန်း(၆၀၀၀)ကျော်နှင့် ဒေါ်လာ တစ်သန်းကျော် ရရှိထား

မောင်မင်းမော် ၊ဒီဇင်ဘာ-၃

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ငလျင်ဒဏ်သင့် ရှေးဟောင်း စေတီပုထိုးများ ပြုပြင်ရန်အတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေ ကျပ်သန်း(၆၀၀၀)ကျော်နှင့် အမေရိကန်ဒေါ်လာ တစ်သန်းကျော် လက်ခံရရှိထားကြောင်း ပုဂံ-ညောင်ဦးဒေသ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

“ငလျင်ဒဏ်သင့် စေတီပုထိုးများ အတွက် ပြည်တွင်းပြည်ပမှ သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းထားတဲ့ အလှူငွေများ လက်ခံရရှိထားပါတယ်၊ အဲ့ဒီ အလှူငွေတွေနဲ့ ငလျင်ဒဏ်သင့် စေတီပုထိုးများကို ပြုပြင်ရာမှာ သတ်မှတ်ဖွဲ့စည်းထားသည့် ကော်မတီ၏ ကြီးကြပ်မှုဖြင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲကြရန် ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ သြဂုတ်(၂၄ရ)က်က ရစ်ချ်စတာစကေး (၆ဒသမ၈) အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံ-ညောင်ဦး ဒေသရှိ ရှေးဟောင်း ဘုရား၊ ပုထိုး၊ စေတီ (၃၈၉) ဆူ ပျက်စီးခဲ့သည်။

ပုဂံရှေးဟောင်းဒေသရှိ ငလျင်ဒဏ်သင့် ဘုရားပုထိုးစေတီများအား ပြုပြင်ထိန်းသိမ်းနေစဉ်/ Photo – Bagan Arch

အဆိုပါ ငလျင်ဒဏ်သင့် စေတီ၊ပုထိုးများအား ပြုပြင်နိုင်ရန်  ပြည်တွင်းပြည်ပက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ပြီး ၂၀၁၆ သြဂုတ်မှ ၂၀၁၉ အောက်တိုဘာအထိ အလှူငွေ ကျပ်သန်း(၆၅၇၀)ကျော်၊ အမေရိကန်ဒေါ်လာ (၁)သန်းကျော်၊ ထိုင်းဘတ်ငွေ (၁၀၈၀၀)ကျော်၊ စင်ကာပူ ဒေါ်လာ(၇၂၀၀)ကျော်၊ ဂျပန်ယန်းငွေ (၃၀၀၀၀)နှင့်  မလေးရှားရင်းဂစ်၊ တရုတ်ယွမ်၊ ကိုရီးယားဝမ်နှင့် ယူရိုငွေများ လက်ခံရရှိထားသည်ဟု ဒု-သမ္မတ ဦးမြင့်ဆွေကပြောသည်။

နိုဝင်ဘာ(၂၉)ရက်က ပုဂံဒေသတွင် ကျင်းပခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင် စေတီပုထိုး (၃၈၉)ဆူအား ပြန်လည်ပြုပြင်ရန် ပထမဦးစားပေး (၃၆)ဆူ၊ ဒုတိယဦးစားပေး (၅၃)ဆူ၊ တတိယဦးစားပေး (၇၆)ဆူနှင့် အသေးစား ပြုပြင်ထိန်းသိမ်းရန် (၂၂၄)ဆူဟု ခွဲခြားသတ်မှတ်ကာ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်း၍ ရှေးမှုမပျက် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စေတီပုထိုး (၃၅၉)ဆူ ပြန်လည်ပြုပြင်ပြီး ဖြစ်ကြောင်း ဒု-သမ္မတ ဦးမြင့်ဆွေက ဆိုသည်။

ပုဂံရှေးဟောင်းဒေသရှိ ငလျင်ဒဏ်သင့် ဘုရားပုထိုးစေတီများအား ပြုပြင်ထိန်းသိမ်းနေစဉ်/ Photo – Bagan Arch

ပြီးခဲ့သည့် ဇူလိုင်လတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO)က အတည်ပြု ဆုံးဖြတ် ခဲ့သည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုဂံဒေသတွင် (၉)ရာစုမှ (၁၃)ရာစု အတွင်း တည်ထားခဲ့သည့် ဘုရား၊ ပုထိုး၊ စေတီ၊ သာသနိက အဆောက်အဦး (၂၀၀၀)ခန့် ရှိသည်။

ပုဂံရှေးဟောင်းဒေသရှိ ငလျင်ဒဏ်သင့် ဘုရားပုထိုးစေတီများအား ပြုပြင်ထိန်းသိမ်းနေစဉ်/ Photo – Bagan Arch .

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်