ရခိုင်အမျိုးသမီးငယ်များ အပါအဝင် တရုတ်မယားအဖြစ် လူကုန်ကူးခံရသည့် အမျိုးသမီး(၇)ဦးကို ရွှေလီမြို့တွင် ကယ်ဆယ်နိုင်

ထက်ဘုန်းခေါင်၊ နိုဝင်ဘာ-၂၉

ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်များ အပါအဝင် တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသည့် အမျိုးသမီး (၇)ဦးကို နိုဝင်ဘာ(၂၆)ရက်ညပိုင်းက တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြန်မာအမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းရန် စည်းရုံး ခေါ်ဆောင်လာကြောင်း သတင်းအရ မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ရွှေလီ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ နယ်စပ်ရုံး(BLO)တို့ ပူးပေါင်း၍ ရွှေလီမြို့ရှိ ဟိုတယ်တစ်ခုသို့ သွားရောက်စစ်ဆေးခဲ့ရာမှ အမျိုးသမီးငယ်(၇)ဦးကို ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု  မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှုးကျော်ညွန့်က Mandalay In-depth News သို့ ပြောသည်။

ကယ်ဆယ်နိုင်ခဲ့သည့် အမျိုးသမီး(၇)ဦးတွင် (၅)ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဖြစ်ပြီး (၂)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများဖြစ်ကာ (၇)ဦးလုံးမှာ အသက်(၂၀)အောက် အရွယ်များဖြစ်သည်ဟု ဆိုသည်။

“ညတွင်းချင်းပဲ သတင်းရတာနဲ့ သွားလိုက်တာ။ ဟိုရောက်တော့ BLOနဲ့ ပေါင်းပြီး ဝင်စစ်တော့ ဆယ်ယောက်တွေ့တယ်။ သုံးယောက်က တရားခံ ဖြစ်တယ်။ တရုတ်အမျိုးသားရဲ့ မယားအဖြစ် ရောင်းစားဖို့ ခေါ်လာတာ။ အသက်အရွယ်အလိုက် သိန်းနှစ်ဆယ်ကနေ သိန်းငါးဆယ်အထိ ရမယ် ပြောပြီး ခေါ်လာတာ” ဟု ရဲမှုးကျော်ညွန့်က ပြောသည်။

အဆိုပါ အမျိုးသမီးငယ်များကို လူကုန်ကူးရန် ခေါ်ဆောင်လာသည့် လူပွဲစား သုံးဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး အသက်သုံးဆယ်ကျော် အရွယ်များဖြစ်ကာ ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်ဟု ဆိုသည်။

၎င်း လူပွဲစားများက အမျိုးသမီးငယ်များကို တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်လာသလို အချို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ကာ တစ်နှစ် ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲမှူး ကျော်ညွန့်က ပြောသည်။

လူကုန်ကူး ပွဲစားများက အမျိုးသမီးငယ်များကို စည်းရုံးခေါ်ဆောင်လာပြီး အဝတ်အစားသစ်များ ဝယ်ပေးခြင်း၊ အလှပြင်ပေးခြင်းများ ပြုလုပ်ကာ ဓာတ်ပုံရိုက်၍ တရုတ်နိုင်ငံသို့ ပေးပို့နေခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ အမျိုးသမီးငယ်များအား လူကုန်ကူးရန် ခေါ်ဆောင်လာကြောင်း ရွှေလီမြို့ရှိ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးနေသည့် မြင့်မြတ်သူတို့နှလုံးသား ပရဟိတအသင်းက သတင်းပေးသဖြင့် မူဆယ်မြို့ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် BLO တို့ ပူးပေါင်းကာ ရွှေလီမြို့ ချွေရှင်းကုန်ယိ ဟိုတယ်အတွင်း ဝင်ရောက်ရှာဖွေရှာမှ ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင်း ရဲမှူးကျော်ညွှန့်က ပြောသည်။

အဆိုပါ လူကုန်ကူးမှုနှင့်ပတ်သက်၍ လူပွဲစား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို မူဆယ်မြို့မရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄(က)/၃၂ တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ (၁၁)လအတွင်း လူကုန်ကူးမှု (၃၉)မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကာ တရားခံ ကျား(၃၁)ဦး၊ မ(၁၀၅)ဦး၊ စုစုပေါင်း (၁၃၆)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသမီး(၆၃)ဦးကို လူကုန်ကူးခံရမည့်အရေးမှ ကယ်တင်နိုင်ခဲ့ကြောင်း ရဲမှုးကျော်ညွန့်က ပြောသည်။ အဆိုပါ ဖမ်းဆီးရမိခဲ့သည့် လူကုန်ကူးမှုများတွင် တရုတ်နိုင်ငံ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု(၅)မှု ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု (၄၀)မှု ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ကျား(၃၂)ဦးနှင့် မ(၈၁)ဦး စုစုပေါင်း (၁၁၃)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ အမျိုးသမီး(၅၈)ဦးကို လူကုန်ကူးခံရမည့်အရေးမှ ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များအရ အဓမ္မထိမ်းမြား လက်ထပ်မှု (၇၅)ရာခိုင်နှုန်းကျော်၊ အဓမ္မပြည့်တန်ဆာပြုမှု (၁၃)ရာခိုင်နှုန်းကျော်၊ အဓမ္မ အလုပ်ခိုင်းစေမှု (၈)ရာခိုင်နှုန်းကျော်နှင့် အငှားကိုယ်ဝန်ဆောင်မှု(၂)ရာခိုင်နှုန်းခန့်ရှိကြောင်း စက်တင်ဘာ(၁၃)ရက်က နေပြည်တော်တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

အဆိုပါ လူကုန်ကူးမူများအနက် တရုတ်နိုင်ငံ ဦးတည်သည့်အမူ (၇၀)ရာခိုင်နှုန်းခန့်နှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမူ (၁)ရာခိုင်နှုန်း ရှိကာ ကျန်အမူများမှာ ပြည်တွင်းတွင် ဖြစ်ပွားခြင်းဟု ၎င်းက ဆိုသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်