ရှားပါး ငဟစ်ငှက်အပါအဝင် ပုလိပ်အင်းသို့ လာရောက်သည့် ဆောင်းခိုငှက်များကို အဆိပ်ချဖမ်းဆီးသူ သုံးဦး ဖမ်းမိ

ထက်ဘုန်းခေါင်၊ နိုဝင်ဘာ-၂၇

မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် ရှားပါး ငဟစ်ငှက်အပါအဝင် ပလိပ်အင်းသို့ လာရောက်သည့် ဆောင်းခိုငှက်များကို အဆိပ်ချဖမ်းဆီးသူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်ထားကြောင်း စဉ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှုး ဦးကျော်ကျော်ထွန်းက Mandalay In-depth News သို့ ပြောသည်။

ပလိပ်အင်းသို့ လာရောက်သည့် ဆောင်းခိုငှက်များကို အဆိပ်ချဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းအရ သစ်တောဌာန၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ စသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က စောင့်ကြည့်ဖမ်းဆီးခဲ့ရာ ဒေသခံအမျိုးသား သုံးဦးကို ငှက်အသေ လေးကောင်နှင့်အတူ နိုဝင်ဘာ(၂၆)ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ဆိုသည်။

ဆောင်းခိုငှက် အဆိပ်ချ ဖမ်းဆီးသူများကို ငှက်အသေများနှင့်အတူ ဖမ်းမိစဉ်။ Photo – ပုလိပ်မြို့သတင်းစုံ FB.

ငှက်အသေများမှာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အတွက်  သစ်တောဦးစီးဌာနက ကာကွယ်စောင့်ရှောက်ထားသည့် ရှားပါး ငဟစ်ငှက်တစ်ကောင်နှင့် စစ္စလီငှက် သုံးကောင်ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် သစ်တောဦးစီးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က သတင်းရရှိမှု အားနည်းလို့ တရားခံတွေ မမိခဲ့ပဲ ဆောင်းခိုငှက် အသေတွေပဲ မိခဲ့တယ်။ ဒီနှစ်မှာတော့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပြီး ပူးပေါင်းအဖွဲ့နဲ့ စောင့်ဖမ်းခဲ့တာ”ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

ဆောင်းခိုငှက် အဆိပ်ချ ဖမ်းဆီးသူများကို ငှက်အသေများနှင့်အတူ ဖမ်းမိစဉ်။ Photo – ပုလိပ်မြို့သတင်းစုံ FB.

ဆောင်းခိုငှက်များ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အမျိုးသားသုံးဦးကို ပလိပ်နယ်မြေရဲစခန်းတွင် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပလိပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ အတည်ပြုသည်။

သစ်တောဦးစီးဌာနအနေဖြင့် ဆောင်းခိုငှက်များ ဖမ်းဆီးကာ ဈေးကွက်အတွင်း ရောင်းချနေမှုများ ရှိ၊မရှိ ပြီးခဲ့သည့်နှစ်များကတည်းက စဉ့်ကိုင်နှင့် ပုလိပ်မြို့ရှိ ဈေးများအတွင်း လိုက်လံစစ်ဆေးခဲ့ပြီး ယခုနှစ်တွင်လည်း ထိုသို့ လိုက်လံစစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်မည်ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ကကျော်ထွန်းက ပြောသည်။

ဆောင်းခိုငှက် အဆိပ်ချ ဖမ်းဆီးသူများကို ငှက်အသေများနှင့်အတူ ဖမ်းမိစဉ်။ Photo – ပုလိပ်မြို့သတင်းစုံ FB.

မန္တလေးဈေးကွက်တွင်လည်း ဆောင်းခိုငှက်များကို ဘဲသားများနှင့် ရောနှောရောင်းချမှုများ ရှိသည်ဟု ကြားသိရကြောင်း ငှက်စောင့်ကြည့်လေ့လာသူ တစ်ဦးဖြစ်သည့် မန္တလေးမြို့ခံ ဦးသန့်ဇော်က ပြောသည်။

“ ဒီနှစ်တော့ လိုက်ပြီး မစုံစမ်းရသေးဘူး။ ပြီးခဲ့တဲ့နှစ်တွေက သရဲဈေးတို့လို ဈေးတွေမှာ ဆောင်းခိုငှက်တွေကို ဘဲသားဆိုပြီး ရောင်းနေတာရှိတယ်။ ဘဲမွေးရတာကမှ ကျွေးရ ထိန်းရတာ ခက်သေးတယ်။ ဒီလို ဖမ်းပြီးရောင်းနေတာက လွယ်တော့ ဒီဟာကို အလွယ်လုပ်နေကြတဲ့ သဘောရှိတယ်” ဟု ဦးသန့်ဇော်က ပြောသည်။

ဆောင်းခိုငှက် အဆိပ်ချ ဖမ်းဆီးသူများကို ငှက်အသေများနှင့်အတူ ဖမ်းမိစဉ်။ Photo – ပုလိပ်မြို့သတင်းစုံ FB.

ပြီးခဲ့သည့် ဖေဖော်ဝါရီဆန်းပိုင်းက  ပလိပ်အင်းအတွင်းရှိ ကြာဖက်များပေါ်တွင် ကြာဖူးနှင့် အဆိပ်ရောနယ်၍ ငှက်များကို ဖမ်းဆီးရန် ပြုလုပ်သည့်အတွက် ပလိပ်အင်းသို့ လာရောက်နားခိုသည့် ဆောင်းခိုငှက် (၈)ကောင် သေဆုံးခဲ့သည်။

ပလိပ်အင်း/ Photo – ပလိပ်မြို့သတင်းစုံ FB

မန္တလေးမြို့အနီးရှိ တောင်သမန်အင်း၊ ပုလိပ်အင်းနှင့် စွန်ရဲအင်းများသို့ ဆောင်းခိုငှက်များ လာရောက်နားခိုလေ့ရှိပြီး လွန်ခဲ့သည့် နှစ်များကတည်းက ဆောင်းခိုငှက်များကို အဆိပ်ချ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ဆောင်းခိုငှက် အဆိပ်ချ ဖမ်းဆီးသူများကို ငှက်အသေများနှင့်အတူ ဖမ်းမိစဉ်။ Photo – ပုလိပ်မြို့သတင်းစုံ FB.

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်