မောင်မင်းမော်၊ ဒီဇင်ဘာ-၁
ချောက်မြို့ မဟာအေးစေတီ ဘုရားပွဲတွင် ကပြဖျော်ဖြေရန် စွမ်းသဘင် ဇာတ်အဖွဲ့ကို ငှားရမ်းခဲ့မှု လာရောက်ကပြ ဖျော်ဖြေရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ပွဲငှါးသူ (ကန်ထရိုက်)က ဇာတ်ပွဲမန်နေဂျာထံ နစ်နာကြေး ကျပ်သိန်း(၁၂၀)ပေးရန် တောင်းဆိုထားကြောင်း ပွဲကန်ထရိုက် ဦးရာပိုက်က ပြောသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ မဟာအေးစေတီ ဘုရားပွဲတွင် ကပြဖျော်ဖြေပေးရန် ဆန်းသစ်တီထွင် စွမ်းသဘင် ဇာတ်အဖွဲ့ကို တစ်ညလျှင် ကျပ်(၅၅)သိန်းဖြင့် (၃)ညတာအတွက် စရံငွေ ကျပ်သိန်း(၅၀)ပေးကာ ငှါးရမ်းခဲ့ပြီး ပွဲရက်တွင် လာရောက်ကပြဖျော်ဖြေခြင်း မရှိသဖြင့် နစ်နာကြေးပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးရာပိုက်က Mandalay In-depth News သို့ ပြောသည်။
မဟာအေးစေတီ ဘုရားပွဲဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၆၊ ၇၊ ၈ (နိုဝင်ဘာ၁၅၊၁၆၊၁၇)ရက်များတွင် ကပြရန် ငှါးရမ်းခဲ့သော်လည်း ဇာတ်အဖွဲ့ ခေါင်းဆောင်မင်းသား စွမ်းဇာနည် ကျန်းမာရေး မကောင်းသည့်အတွက် လာရောက်ကပြနိုင်ခြင်း မရှိဘဲ ပွဲပျက်ခဲ့သည်ဟု ဆိုသည်။ ထို့အတွက် တခြားဇာတ်အဖွဲ့နှင့် အနုပညာရှင် မင်းသား၊မင်းသမီးများ ငှါးရမ်းခဲ့ရပြီး ပွဲကြည့်သူနည်းပါးခြင်း၊ ကြိုတင်ရောင်းချထားသည့် ပွဲကြည့်ဖျာများအတွက် နှစ်ဆ ပြန်လည်ပေးလျော်ရခြင်း စသည်များကြောင့် နစ်နာမှုရှိသည့်အတွက် နစ်နာကြေးပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“မင်းသားရဲ့ ကျန်းမာရေးအခြေအနေ ကြောင့်ပါပေါ့။ အမှန်တကယ်လည်း ကျန်းမာရေးမကောင်းဘူးလို့ ကြားပါတယ်။ ပွဲပျက်ပြီဆိုတာ သိတော့ စုံစမ်းလိုက်တော့ မကနိုင်လောက်တော့ဘူး ပေါ့ဗျာ၊ စီစဉ်ဆောင်ရွက် ပေးပါ့မယ်လို့ ပြောတော့ လူမှုရေးအရ ငဲ့ခဲ့တာပေါ့။ (၈)လပိုင်းထဲ ပေးခဲ့တဲ့ငွေ အခုသုံးလလောက် ရှိပြီ။ ငွေကြေးအရလည်း နစ်နာခဲ့တယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မို့လို့ လုပ်ရတော့တာ”ဟု ဦးရာပိုက်က ပြောသည်။
မင်းသားစွမ်းဇာနည် ပါဝင်သည့် စွမ်းသဘင် ဇာတ်အဖွဲ့ လာရောက် ကပြနိုင်ခြင်း မရှိသည့်အပေါ် နစ်နာကြေးပေးရန် ဇာတ်ပွဲမန်နေဂျာနှင့် ညှိုနှိုင်းခဲ့ရာ နစ်နာကြေး ကျပ်သိန်း(၁၂၀) ပေးလျှော်မည်ဖြစ်ကြောင်း ကတိပြုခဲ့သေ်ာလည်း သတ်မှတ်ရက်အတွင်း ပေးချေခြင်း မရှိသဖြင့် ဒီဇင်ဘာ(၅)ရက်နောက်ဆုံးထားကာ ပေးလျော်ရန်နှင့် ယင်းနေ့ကျော်လွန်သည်အထိ ပေးလျော်ခြင်း မရှိပါက စွမ်းသဘင် ဇာတ်အဖွဲ့ မန်နေဂျာကို တရားစွဲဆိုမည်ဟု ဦးရာပိုက်က ပြောသည်။
စွမ်းသဘင် ဇာတ်အဖွဲ့အနေဖြင့် မင်းသားစွမ်းဇာနည် ကျန်ူမာရေးမကောင်းသဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး နှစ်ဖက် ပြေလည်မှုရရှိရန် ညှိနှိုင်းဖြေရှင်းမည်ဖြစ်ကြောင်း စွမ်းသဘင် ဇာတ်အဖွဲ့ မန်နေဂျာ ဦးလှိုင်ဝင်းက Mandalay In-depth News သို့ ပြောသည်။
“ကျွန်တော်တို့လည်း ညှိရမှာပေါ့ဗျာ။ မကဖြစ်တော့ ဒီလိုပဲပေါ့။ မင်းသား ကျန်းမာရေးမကောင်းလို့ လာမကတော့ ဖြစ်သွားတာပေါ့။ အရင်ကတော့ ဒီလိုဖြစ်ရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလုပ်ပြီး အစားပြန်ကပေးလိုက်တာပေါ့။ ခုကြ အမရပူရမှာလည်း ဖြစ်သွားတော့ ခုလိုဖြစ်သွားတာပေါ့” ဟု ဦးလှိုင်ဝင်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ကလည်း အမရပူရမြို့ နန်းတော်ရာရပ်ကွက် စုပေါင်းဘုံကထိန်ပွဲတွင် လာရောက်ကပြရန် စွမ်းသဘင် ဇာတ်အဖွဲ့အား ငှါးရမ်းခဲ့ပြီး ပွဲကျင်းပချိန်တွင် လာရောက်ကပြနိုင်ခြင်း မရှိသည့်အတွက် ပွဲကော်မတီက နစ်နာကြေး ကျပ်သိန်း(၅၀၀)ပေးရန် တောင်းဆိုခဲ့သည်။
စွမ်းသဘင်ဇာတ်အဖွဲ့ပိုင် မော်တော်ကားများနှင့် စက်ပစ္စည်းမှာ နိုဝင်ဘာ(၈)ရက်ကတည်းက အမရပူရမြို့ နန်းတော်ရပ်ကွက် ဓမ္မာရုံဝင်းအတွင်း ရှိနေပြီး အဆိုပါ ပွဲကော်မတီက လျော်ကြေးငွေ ပေးချေမှသာ ဇာတ်အဖွဲ့ပိုင်ကားနှင့် စက်ပစ္စည်းများ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိဝင်ဘာ(၂၅)ရက်တွင်မူ မင်းသား စွမ်းဇာနည် လာရောက်တောင်ပန်းကာ ညှိနှိုင်းခဲ့သဖြင့် ပြေလည်မှု ရခဲ့သည်။
ဇာတ်သဘင်နှင့် အငြိမ့် ကပြဖျော်ဖြေရန် ငှားရမ်းမှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိပါက ညှိနှိုင်းဖြေရှင်းပေးရန် မြန်မာနိုင်ငံ ဇာတ်သဘင် အစည်းအရုံး (ဗဟို)တွင် ဝါဏိစ္စအဖွဲ့ရှိပြီး တစ်စုံတစ်ဦးမှ တောင်းဆိုလာပါက ယင်းအဖွဲ့က ညှိနှိုင်းဖြေရှင်းပေးလေ့ရှိသည်ဟု ဇာတ်သဘင် အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောကြားထားသည်။