သပိတ်ကျင်း ငလျင်ဒဏ်သင့်သူများ အတွက် ကျပ်သိန်းနှစ်ရာနီးပါး ထောက်ပံ့

မောင်မင်းမော်၊ ဒီဇင်ဘာ-၄

သပိတ်ကျင်းမြို့နယ် အတွင်းရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အစိုးရက ကျပ်သိန်း(၂၀၀)နီးပါး တန်ဘိုးရှိ ငွေကြေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်း ဦးစီးမှူး ဦးအေးမင်းသူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက် ညပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး (၅ဒသမ၄)အဆင့်ရှိ ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ  ကြာညှပ်၊ မြင်သာ၊ ဒေါင်းပုန်း၊ ပုတီးဖြူ၊ ဝါးရုံကုန်း၊ သီးကုန်းနှင့် ကိုးပင်စသည့် ကျေးရွာများရှိ လူနေအိမ်၊ စာသင်ကျောင်းနှင့် သာသနိက အအဆောက်အဦများ  ထိခိုက်ပျက်စီးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း(၁၀၀၀)ခန့် ရှိခဲ့သည်ဟု သပိတ်ကျင်းမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့သည့် နေအိမ်(၁၇၇)လုံးအတွက် ထောက်ပံ့ငွေ ကျပ်(၁၆၅)သိန်းနှင့် ကျပ်သိန်း (၃၀)ကျော်တန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးစီ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် သာသနိက အဆောက်အဦး (၄)လုံးအတွက် ကျပ်(၄)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ဦးအေးမင်းသူက ပြောသည်။

ငလျင်ဒဏ်ကြောင့် ငပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများ။ Photo – ဦးအေးမင်းသူ.

ယင်း ထောက်ပံ့ငွေများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းဖြစ်စည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဒီဇင်ဘာ(၃)ရက်က သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာတွင် ကျင်းပခဲ့ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး တက်ရောက်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် ငပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများ။ Photo – ဦးအေးမင်းသူ.

စစ်ကိုင်းငလျင်ပြတ်ရွှေ့ကြောပေါ် တည်ရှိသော သပိတ်ကျင်းမြို့နယ်တွင် မကြာခန ငလျင်လှုပ်ခတ်လျှက်ရှိပြီး လွန်ခဲ့သည့် ၂၀၁၂ နိုဝင်ဘာကလည်း သပိတ်ကျင်းမြို့တွင် ရစ်ချ်တာစကေး ၆ဒသမ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူနှစ်ဦး သေဆုံးပြီး နေအိမ်အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

ငလျင်ဒဏ်ကြောင့် ငပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများ။ Photo – ဦးအေးမင်းသူ.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်