Mandalay In-depth News၊ ဇန်နဝါရီ-၁၉
မန္တလေးမြို့ ရတနာပုံစူပါစင်တာ Sky Walk မီးလောင်မှုနှင့်ပတ်သက်၍ နာမည်ကျော် အဝတ်အထည် အမှတ်တံဆိပ်တစ်ခု၏ ဆိုင်မန်နေဂျာ အမျိုးသမီးကို အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရတနာပုံစူပါစင်တာ Sky Walk Shopping Mall တွင် ဖွင့်လှစ်ထားသည့် နာမည်ကျော် အဝတ်အထည် အမှတ်တံဆိပ် ဆိုင်မှစတင်ကာ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသဖြင့် အဆိုပါ ဆိုင်မန်နေဂျာ အမျိုးသမီးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။
ရတနာပုံစူပါစင်တာ Sky Walk မီးလောင်မှဖြစ်စဉ်အား စိစစ်ရာ ရတနာပုံဈေး ပထမထပ်ရှိ နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ဆိုင်မှ မီးခိုးများ ထွက်ပေါ်လာပြီး မီးသတ်ဆေးဗူးများ၊ အဆောက်အဦးအတွင်း တပ်ဆင်ထားသည့် မီးသတ်ပိုက်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း မီးများလာသဖြင့် အပြင်သို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အဆိုပါ Sky Walk နှင့် Mandalay Yatanar Mall ရှိ ဈေးဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဝန်ထမ်းများက ပြောပြသဖြင့် ဆိုင်မန်နေဂျာ အမျိုးသမီးကို အမှုဖွင့်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံဈေး Sky Walk တွင် ဇန်နဝါရီ(၁၇)ရက် ညနေ(၆)နာရီဝန်းကျင်မှစတင်ကာ ဇန်နဝါရီ(၁၈)ရက် နံနက်ပိုင်းအထိ အချိန်(၁၁)နာရီကျော်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဘိုးကို စိစစ်နေဆဲဖြစ်ပြီး အမြန်ဆုံးထုတ်ပြန်မည်ဖြစ်ကြောင်း တိုင်းအစိုးရ၊ မန္တလေးမြို့တော်စည်ပင်နှင့် မီးသတ်ဌာန တာဝန်ရှိသူများက ပြောသည်။
ရတနာပုံဈေးသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဈေးတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် MGW ကုမ္မဏီမှ တာဝန်ယူကာ ရတနာပုံစူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာတို့ကို ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရတနာပုံဈေး မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်မြင်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့ ဥက္ကဌအဖြစ် မန္တလေးမြို့တော်စည်ပင် ဒု-ဥက္ကဌ မန္တလေး ဒု-မြို့တော်ဝန် ဦးရဲမွန်က တာဝန်ယူထားသည်။
#Mandalay_Indepth_News