မောင်မင်းမော်၊ ဒီဇင်ဘာ-၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား ပါတီတာဝန်များမှ ရပ်စဲရုပ်သိမ်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်၍ အများပြည်သူမှ တိုင်ကြားမှုများ ရှိလာသောကြောင့် ပါတီ တာဝန်ရှိသူများက စစ်ဆေးကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထွဋ်ဦးက Mandalay In-depth News သို့ ပြောသည်။
“ပါတီတာဝန် အသီးသီးကနေ ရုပ်သိမ်းလိုက်တာပါ။ ပါတီက ထုတ်တာ မဟုတ်ဘူး။ ပါတီဝင်အဖြစ်နဲ့တော့ ဆက်ရှိနေဦးမယ်။ ဒီလိုဆုံးဖြတ်တဲ့အပေါ် သူ့အနေနဲ့ အယူခံတက်မယ်ဆိုလည်း တက်လို့ရတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးနှင့် ပတ်သက်၍ ပြည်သူ နှစ်ဦး၊သုံးဦးခန့်မှ ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားရေးဌာနသို့ တိုင်ကြားမှုများ ရှိခဲ့သည်ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။ သို့သော် မည်သည့် အကြောင်းအရာကိစ္စဖြင့် တိုင်ကြားသည်ဆိုသည်ကိုမှု ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

အဆိုပါ တိုင်ကြားမှုများနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား ပါတီတာဝန်များမှ ရပ်စဲရန် နိုဝင်ဘာ(၂၃)တွင် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ(၂)ရက်တွင် တရားဝင် စာထုတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းနှင့်ပတ်သက်၍ လွှတ်တော်အမတ် ဦးရဲမင်းဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းထံ အသိပေးစာ မရောက်သေးကြောင်း ပြန်လည်ဖြေကြားသည်။
“လောလောဆယ်တော့ ကျွန်တော်ဆီ ဘာစာမှ မရောက်သေးတဲ့အတွက် ဘာမှ ပြောလို့မရသေးပါဘူး” ဟု ဦးရဲမင်းဦးက Mandalay In-depth News သို့ ပြောသည်။

ဦးရဲမင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင် မန္တလေးခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပုသိမ်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ယူထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးရဲမင်းဦးသည် ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီများဖြစ်သည့် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှုး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကေ်ာမတီ အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူထားသည်။
ဒီချုပ်ပါတီအနေဖြင့် လွှတ်တော်အမတ်တစ်ဦးအား ပါတီတာဝန်များမှ ရုပ်သိမ်းခြင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။