Sky Walk မီးနှင့်ပတ်သက်၍ “မီးလောင်မှုအကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးကော်မတီ” ယနေ့ စတင်ဖွဲ့စည်း

ဒီဒါင်းမေ၊ ဇန်နဝါရီ-၂၀

မန္တလေးမြို့ ရတနာပုံဈေး Sky Walk မီးလောင်မှုနှင့် ပတ်သက်၍ “မီးလောင်မှု အကြောင်းအရင်း စိစစ်ဖော်ထုတ်ရေး ကော်မတီ”ကို တိုင်းအစိုးရအမိန့်ဖြင့် ယနေ့ ဇန်နဝါရီ(၂၀)ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူးက ဥက္ကဌ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာန၊ ဌာနမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်ကာ ရတနာပုံဈေး Sky Walk မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စိစစ်ဖော်ထုတ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်နှင့် မီးသတ်ဌာန တာဝန်ရှိသူများက ပြောသည်။

“မန္တလေးတိုင်း အစိုးရအဖွဲ့ကနေ မီးလောင်မှုအကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးကော်မတီ ဒီနေ့ ဖွဲ့ပါတယ်။ ယနေ (၃)နာရီခွဲမှာ စစ်ဖို့ရှိပါတယ်”ဟု ကော်မတီ ဥက္ကဌ၊ မီးသတ်ဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးသန်းဇော်ဦးက Mandalay In-depth News အား ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ ပထမထပ် Sky Walk Shopping Mall တွင် ဇန်နဝါရီ(၁၇)ရက် ညနေပိုင်းမှစတင်ကာ ညလုံးပေါက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း(၁၀၀၁၀)ကျော် ရှိခဲ့ကြောင်း တိုင်းမီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရသည့် အကြောင်းအရင်းကို မီးသတ်ဌာနတစ်ခုတည်း မဟုတ်ဘဲ အခြားဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသည့် မီးလောင်မှု အကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးကော်မတီက စိစစ်ဖော်ထုတ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ပြောသည်။

“စစ်ဆေးတွေ့ရှိမှုအပေါ် မူတည်ပြီး ကျွန်တော်တို့ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ စစ်ဆေးဖို့က သက်သေတွေ စုံလင်မှုပေါ် မူတည်တာပေါ့။ ရက်ကတော့ ကန့်သတ်ချက်တော့ မရှိဘူး။ ပြောရရင် တစ်ရက် ဖြစ်ရင်ဖြစ်မယ်။ တစ်ရက်ဖြစ်ရင် ဖြစ်မယ်။ သက်သေအထောက်အထားတွေ ခိုင်လုံရင်တော့ နှစ်ရက်နဲ့ ပြတ်ရင်ပြတ်မယ်။  သုံးရက်နဲ့ ပြတ်ရင်ပြတ်မယ်။ မစုံလင်တော့လည်း ကြန့်ကြာမှုတော့ ရှိနိုင်တာပေါ့။ ကြန့်ကြာမှုတော့ မပြောနိုင်ဘူးပေါ့” ဟု ဦးသန်း‌ေ‌ဇာ်ဦးက ဆိုသည်။

၎င်းကော်မတီတွင် ဌာနဆိုင်ရာ အဖွဲ့အစည်း မည်မျှပါဝင်ပြီး မည်မျှအထိ လုပ်ပိုင်ခွင့်ပေးမည်ဆိုသည်ကိုမှု တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါ။

ရတနာပုံဈေးသည် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီပိုင် ဈေးတစ်ဈေးဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပထမအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် စည်ပင်သာယာနှင့် MGW ကုမ္မဏီတို့ ပူးပေါင်းကာ ရတနာပုံဈေးနေရာတွင် ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံစူပါစင်တာတို့ကို ပြန်လည်တည်ဆောက်ခဲ့သည်။

ရတနာပုံစူပါစင်တာသည် အလျား(၄၆၈)ပေ၊ အနံ(၄၅၀)ပေရှိ Basement + RC (၆)ထပ် အဆောက်အဦးဖြစ်ပြီး မြေညီထပ်တွင် ပန်းကန်၊ ကုန်စုံကုန်ခြောက်စသည့် ဆိုင်ခန်း (၁၅၆၂)ခန်း၊ ပထမထပ်တွင် Sky Walk ဈေးဝယ်စင်တာ ဆိုင်ခန်း(၁၅၅)ခန်း၊ ဒုတိယထပ်တွင် မန္တလေး Yatanar Mall ဆိုင်ခန်း (၃၈၂)ခန်း၊ တတိယထပ်တွင် ICT YCC စာသင်ခန်း (၃၀)ခန်း၊ စတုတ္ထထပ်တွင် MRCCI အပါအဝင် ရုံးခန်းများ၊ ပဉ္စမထပ်တွင် MCC သင်တန်းခန်းမများ တည်ရှိသည်။

Sky Walk မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်/ Photo – Nyi Thit.

ဇန်နဝါရီ(၁၇)ရက် ညနေ(၆)နာရီဝန်းကျင်မှ စတင်ကာ ဇန်နဝါရီ(၁၈)ရက် နံနက်(၅)နာရီအထိ ရတနာပုံစူပါစင်တာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရတနာပုံစူပါဝင်တာ ပထမထပ်ရှိ Sky Walk ဈေးဝယ်စင်တာတွင်သာ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါ Sky Walk အတွင်းရှိ ဆိုင်ခန်း (၁၅၅)ခန်းအနက် ဆိုင်ခန်း(၁၂၅)ခန်း ပျက်စီးခဲ့သည်ဟု မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည်ဟုဆိုကာ Sky Walk အတွင်းရှိ ဖိနပ်အရောင်းဆိုင်မှ အရောင်းတာဝန်ခံ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က မီးပေါ့ဆမှုဖြင့် အမှုဖွင့်ထားသည်။

သို့သော် ရတနာပုံစူပါစင်တာ မီးလောင်ရသည့် အကြောင်းအရင်းနှင့် ဈေးပြန်ဖွင့်နိုင်မည့် အခြေအနေများကို တိုင်းအစိုးရ၊ စည်ပင်သာယာနှင့် မီးသတ်ဌာနများမှ ထုတ်ပြန်ခြင်း မရှိသေးပါ။

ရတနာပုံဈေး မီးလောင်မှုကြောင့် အတူတွဲကာ ကပ်လျှက်တည်ဆောက်ထားသည့် ဒိုင်းမွန်ပလာဇာကိုလည်း ယာယီပိတ်ထားပြီး ဒိုင်းမွန်းပလာဇာ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေနှင့် ပတ်သက်၍လည်း အစိုးရဌာနဆိုင်ရာများမှ ထုတ်ပြန်အသိပေးခြင်း မရှိသေးပါ။

ရတနာပုံဈေး Sky Walk သည် ၂၀၀၈ ဖေဖေါ်ဝါရီလအတွင်းကလည်း  မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိုစဉ်က မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း(၂၆၀၀၀)ကျော် ရှိခဲ့သည်။

Sky Walk မီးလောင်မှုအား ငြှိမ်းသတ်နေစဉ်/ Photo – Nyi Thit.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်