မန္တလေးကျောက်စိမ်း ရောင်းချပွဲမှ လေလံအောင်ကျောက်များ ထုတ်ယူရန် (၅)ရက် ထပ်တိုးပေး

ဘုန်းနေ၊ နိုဝင်ဘာ-၂၈

မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်းရောင်းချပွဲတွင် လေလံဆွဲဝယ်ယူခဲ့သည့် ကျောက်စိမ်းတွဲများ ထုတ်ယူရမည့်ရက်ကို မူလ သတ်မှတ်ထားသည်ထက် (၅)ရက်ထပ်တိုးကာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ပြပွဲကော်မတီ တာဝန်ရှိသူများက Mandalay In-depth news သို့ ပြောသည်။

လေလံအောင်မြင်ခဲ့သည့် ကျောက်စိမ်း(အရိုင်း)တွဲများကို  နိုဝင်ဘာ(၁)ရက်မှ (၃၀)ရက်အတွင်း ထုတ်ယူရန် သတ်မှတ်ခဲ့သော်လည်း ကျောက်ကုန်သည်အချို့၏ တောင်းဆိုချက်အရ ဒီဇင်ဘာ(၅)ရက်အထိ ထုတ်ယူခွင့်ပြုမည် ဖြစ်သည်ဟု မန္တလေးကျောက်စိမ်းရောင်းချပွဲ ကော်မတီဝင် ဦးမျိုးမြင့်နိုင်က ပြောသည်။ 

“တန်ဆောင်တိုင်တွေ၊ ကထိန်တွေနဲ့ ပိတ်ရက်တွေ များတယ်လေ။ စနေ၊တနင်္ဂနွေ ဆိုလည်း ဒီမှာ ကျောက်ထုတ်လို့ ရပေမယ့် ဘဏ်က ပိတ်ထားတော့ ငွေသွင်းမရတာတွေ၊ နှောင့်နှေးကြန့်ကြာ ရှိတော့ ကျောက်သမားအများစုက တောင်းဆိုလို့ ရက်တိုးပေးတာပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက မန္တလေး မြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်း အရိုင်း၊ အချောထည် နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်စိမ်း(အရိုင်း)အတွဲ (၂၉၀၀)ကျော် ခင်းကျင်းပြသကာ လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး ကျပ်သန်း သုံးသောင်းဝန်းကျင်ဖြင့် ကျောက်စိမ်းအတွဲ (၂၀၀၀)နီးပါး ရောင်းချနိုင်ခဲ့သည်။

မန္တလေး ကျောက်စိမ်းရောင်းချပွဲ ကျင်းပခဲ့စဉ်/ Photo – MGJEA-mdy.

အဆိုပါ လေလံအောင် ကျောက်စိမ်းတွဲများအနက် တွဲ(၂၀၀)ခန့်သာ လာရောက်ထုတ်ယူရန် ကျန်ရှိတော့ပြီး လက်ရှိအချိန်ထိ ကျောက်မျက်ရောင်းရငွေ ကျပ်သန်း နှစ်သောင်းကျော် ရရှိပြီး ဖြစ်ကြောင်း ဦးမျိုးမြင့်နိုင်က ပြောသည်။

ကျောက်စိမ်းတွဲများ ထုတ်ယူရမည့်ကာလ တိုးမြင့်ပေးခြင်းကြောင့် ကျောက်တွဲများစွာ လေလံအောင်ထားသည့် ကုန်သည်များအတွက် အဆင်ပြေစေနိုင်ကြောင်း ကျောက်စိမ်းအ‌ရောင်းအဝယ် လုပ်ကိုင်နေသူများက သုံးသပ်သည်။

မန္တလေး ကျောက်စိမ်းရောင်းချပွဲ ကျင်းပခဲ့စဉ်/ Photo – MGJEA-mdy.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်