COVID-19 လူနာ ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သည့် ပုဂံဒေသခံ (၅၀)ကျော်ကို အသွားအလာ ကန့်သတ်စောင့်ကြည့်

အဆိုပါ လူနာအမျိုးသမီးနှင့် ထိတွေ့ခဲ့သည့် ပစ္စည်းသယ်သူတစ်ဦး ဖျား၊ လည်ချောင်းနာ၍ ညောင်ဦးဆေးရုံ၌ သီးခြားထားရှိ ကုသနေ

ပါရမီဆန်း၊ မတ်-၂၈

COVID-19 ရောဂါ ကူးစက်ခံရသည့် ရန်ကုန်မြို့နေ ဧည့်လမ်းညွှန် အမျိုးသမီးနှင့် ထိတွေ့မှု ရှိခဲ့သည့် ပုဂံ၊ညောင်ဦး ဒေသခံ (၅၀)ကျော်ကို ယနေ မတ်လ(၂၈)ရက် နေ့လည်ပိုင်းမှ စတင်၍ ပုဂံမြို့ လောကသစ္စာဟိုတယ်တွင် ထားရှိကာ Facility Quarantine စောင့်ကြည့်ခြင်းများ လုပ်ဆောင်နေကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ထို့အပြင် အဆိုပါ လူနာ အမျိုးသမီးနှင့် ထိတွေ့ခဲ့သူများအနက် ပုဂံညောင်ဦး ဒေသခံ ပစ္စည်းသယ်ဆောင်သူ (၁) ဦးမှာ ဖျားခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ညောင်ဦးမြို့ ပြည့်သူ့ဆေးရုံတွင် Isolation ပြုလုပ်ပြီး ကုသပေးလျက်ရှိသည်ဟု ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

COVID-19 ရောဂါပိုး ကူးစက်ခံရသည့် ဧည့်လမ်းညွှန်အမျိုးသမီးနှင့် အနီးကပ် ထိတွေ့မှုများ ရှိခဲ့သည့် စက်လှေမောင်းသူ ( ၃ ) ဦး၊ မြင်းလှည်းမောင်းသူ ( ၆ ) ဦး၊ ခရီးသွားလုပ်ငန်းမှ ( ၄ ) ဦး၊ ယာဉ်မောင်းနှင့် ၎င်း၏မိသားစု ( ၅ ) ဦး၊ လူစီးမီးပုံးပျံ ကုမ္ပဏီမှ ( ၁၄ ) ဦး၊ စားသောက်ဆိုင် ( ၄ ) ဆိုင်မှ ( ၁၁ ) ဦးတို့ကို ပုဂံမြို့ လောကသစ္စာဟိုတယ်နှင့် အဆိုပါ လူနာအမျိုးသမီး တည်းခိုခဲ့သည့် ဟိုတယ်မှ (၁၅)ဦးတို့ကို ရာဇဂြိုလ်ဟိုတယ်တွင် Facility Quarantine ဆောင်ရွက်လျက် ရှိသည်ဟု မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ထို့အပြင် ၎င်းအမျိုးသမီးနှင့်အဖွဲ့ အသုံးပြုခဲ့သည့် စက်လှေများ၊ မြင်းလှည်းများ၊ ကားများ၊ ယွန်းထည်ဆိုင်၊ စားသောက်ဆိုင်များ၊ ဟိုတယ်တို့အား ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“သူတို့ သွားခဲ့တဲ့နေရာ ဟိုတယ်တို့၊ စားသောက်ဆိုင်တို့တော့ ပိုးသတ်ဆေးတွေ လိုက်ဖျန်းနေတယ်။ ဆိုင်တွေက ဝန်ထမ်းတွေကိုလည်း စစ်ဆေးတာတွေ လုပ်နေတယ်လို့ ကြားတယ်”ဟု ပုဂံညောင်ဦး ဒေသခံ ဝါရင့် ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက Mandalay In-depth News အား ပြောသည်။

ပုဂံဒေသရှိ ထီးလိုမင်းလိုဘုရားအား လွန်ခဲ့သည့်လက တွေ့ရစဉ်/ Photo - Mandalay Indepth News
ပုဂံဒေသရှိ ထီးလိုမင်းလိုဘုရားအား လွန်ခဲ့သည့်လက တွေ့ရစဉ်/ Photo – Mandalay Indepth News

ထို့အပြင် ပုဂံရှေးဟောင်း ယာဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရားနှင့် ထီးလိုမင်းလို ဘုရားကဲ့သို့ အဆိုပါ ဧည့်လမ်းညွှန်အမျိုးသမီး သွားလာလည်ပတ်ခဲ့သည့် ဘုရားစေတီများကိုပါ ပိုးသတ်ဆေးဖျန်းရန် စီစဉ်နေသည်ဟု ပုဂံညောင်ဦး ဒေသခံများက ပြောသည်။

“ဆေးဖျန်းမယ်လို့ ပြောနေတာတော့ ရှိတယ်။ ခုချိန်ထိတော့ ညွှန်ကြားချက် မထုတ်သေးဘူး။ ဦးတို့ဘုရား လာတဲ့ ဧည့်သည်တွေကို အပူချိန်တိုင်းကိရိယာနဲ့ တိုင်းတယ်။ မနေ့က စပါတယ်ခင်ဗျ” ဟု ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် မတ်လ(၂၅) ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ်လ(၂၆)ရက်တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိပါသည်။  ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့သူဖြစ်ပြီး ဓါတ်ခွဲစစ်ဆေးချက်အရ  အဆိုပါ ဧည့်လမ်းညွှန်အမျိုးသမီးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ(၂၈)ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၈)ဦးအထိ ရှိနေပြီး ရောဂါ ကူးစက်ခံရသူ အများစုမှာ အနောက်ဥရောပနိုင်ငံများမှ ဝင်ရောက်လာသူများ ဖြစ်သည်။

ပုဂံဒေသရှိ ထီးလိုမင်းလိုဘုရားအား လွန်ခဲ့သည့်လက တွေ့ရစဉ်/ Photo - Mandalay Indepth News
ပုဂံဒေသရှိ ထီးလိုမင်းလိုဘုရားအား လွန်ခဲ့သည့်လက တွေ့ရစဉ်/ Photo – Mandalay Indepth News

အထက်ပါ ဧည့်လမ်းညအန်အမျိုးသမီးသည် မန္တလေးမြို့သို့လည်း လာရောက်လည်ပတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း SRT တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားသူ မရှိသေးပါ။

#Mandalay_Indepth_News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်