ဝူဟန်ကိုရိုနာရောဂါကို တိုင်းကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်း အမိန့်ထုတ်၊

လိုအပ်ပါက ပွဲလမ်းသဘင်နှင့် အသွားအလာ တားမြစ်ပိတ်ပင်နိုင်ပြီး မလိုက်နာပါက ပြစ်ဒဏ်ချနိုင်

Mandalay In-depth News၊ ဖေဖေါ်ဝါရီ-၂၈

ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်းရာ ရောဂါ (Covid-19) မြန်မာနိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ယင်းရောဂါကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်းကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂၈)ရက်တွင် အမိန့်ထုတ်ပြန်သည်။

ယင်းအမိန့်အရ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပွဲလမ်းသဘင်များ ကျင်းပခွင့်၊ ရောဂါ ဖြစ်ပွားသူများကို နေအိမ်မှ ထွက်ခွာခွင့်နှင့် ရောဂါဖြစ်ပွားရာ မြို့ရွာများအား သွားလာဝင်ထွက်ခွင့် တားမြစ်ပိတ်ပင်ခြင်း ကဲ့သို့ လိုအပ်သည်များ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး မလိုက်နာပါကလည်း ထောင်ဒဏ်အထိ ချမှတ်အရေးယူနိုင်မည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – Covid-19)ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်းနှင့် ယင်းအမိန့်သည် မရုပ်သိမ်းသမျှ ကာလပတ်လုံး အတည်ဖြစ်သည်ဟု ဝန်ကြီးဌာန၏ အမိန့်တွင် ဖော်ပြထားသည်။

အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုဝင် တစ်ဦးဦးသည် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ ဖြစ်ပွားကြောင်း သိရှိပါက အနီးစပ်ဆုံး ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ ချက်ချင်းတိုင်းကြားရမည် ဖြစ်သလို တိုင်းရင်းဆေးဆရာများ၊ ကျန်းမာရေးမှူးများ၊ ဆရာဝန်များသည်လည်း ဆေးကုသရာ၌ ကူးစက်မြန်ရောဂါ ဖြစ်ပွားသူ တွေ့ရှိပါက ချက်ချင်းတိုင်ကြားရမည်ဟု ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (၁၉၉၅)တွင် ဖော်ပြထားသည်။

ဥပဒေအရ ကျန်းမာရေးဦးစီးဌာနသည် ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း၊ ကူးစက်ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေးရမည်ဖြစ်ပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို နှိမ်နင်းရန်အတွက်လည်း အခြားလိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးအရာရှိသည် ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို ကာကွယ်နှိမ်နင်းနိုင်ရန် အတွက် လူပုဂ္ဂိုလ်၊ အစားအသောက် စသည်များကို လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နိုင်သည်ဟု ဖော်ပြထားသည်။

ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် တားမြစ်ပိတ်ပင်ရန် လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် အရာရှိသည် ရောဂါဖြစ်ပွားနေသူအား နေအိမ်မှ ထွက်ခွာသွားလာခွင့်၊ ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်း ရှိနေသူများကို ပြင်ပသို့ ထွက်ခွာသွားလာခွင့်၊ ပြင်ပမှ လူများအား ရောဂါဖြစ်ပွားရာ နေရာသို့ ဝင်ရောက်ခွင့်၊  ရထား၊ ကား၊ လေယာဉ်၊ ရေယာဉ် စသည်များဖြင့် ရောက်ရှိလာသူများအနက် ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူ ပါရှိလာပါက ကျန်းမာရေးစစ်ဆေး ကုသနိုင်ရန် လိုအပ်သော အချိန်အထိ ပြင်ပသို့ ထွက်ခွာသွားလာခွင့်၊  ပွဲလမ်းသဘင် ကျင်းပနေစဉ် ကူးစက်မြန်ရောဂါ ဖြစ်ပွားလာပါက အများပြည်သူအား ပွဲလမ်းသဘင်ကျင်းပရာ နေရာသို့ သွားလာခွင့်နှင့် ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့် တားမြစ်ပိတ်ပင်ခြင်းများ လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

အများပြည်သူအနေဖြင့် ကူးစက်ရောဂါ ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေးနှင့် ကူးစပ်ရောဂါ ကာကွယ်နှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ထောင်ဒဏ် ၆လအထိ ဖြစ်စေ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Covid-19) ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးဘဲ ယနေ့ ဖေဖေါ်ဝါရီ(၂၈)ရက် ညနေပိုင်းအထိ စောင့်ကြည့် လူနာတစ်ဦးသာ ရှိသည်ဟု ဆိုသည်။ ဇန်နဝါရီလကုန်ပိုင်းမှ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင်း သံသယလူနာ(၂)ဦးနှင့် စောင့်ကြည့် (၄၃)ဦး စုစုပေါင်း လူနာ(၄၅)ဦး ရှိခဲ့ကာ ဓါတ်ခွဲစစ်ဆေးမှုများအရ (၄၄)ဦးတွင် ရောဂါကူးစက်ခံရခြင်း မရှိဘဲ တစ်ဦးမှာ စစ်ဆေးနေဆဲဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ် Covid-19 ရောဂါသည် ကမ္ဘာ့နိုင်ငံ (၄၇)နိုင်ငံသို့ ကူးစက်ပျံ့နှံ့ ဖြစ်ပွားလျှက်ရှိပြီး ယနေ့အထိ ရောဂါဖြစ်ပွားသူ ရှစ်သောင်းကျော်နှင့် သေဆုံးသူ (၂၈၀၀)ကျော် ရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်