ပုဂံဒေသ လူဦးရေ များပြားလာချိန်တွင် ညောင်ဦးနှင့် တောင်သာမြို့နယ်အစပ် မာလာချောင်းအနီးသို့ မြို့သစ်ချဲ့မည်

လတ်တလော ရွှေ့ပြောင်းရမည် မဟုတ်ဘဲ အနာဂတ်အတွက် လျာထားခြင်းဟုဆို

ပါရမီဆန်း၊ အောက်တိုဘာ-၁၄

ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမူနယ်မြေအဖြစ် သတ်မှတ်ခံရသည့် ပုဂံညောင်ဦးဒေသတွင် မြို့နေလူဦးရေ ယခုထက် အဆမတန် တိုးပွားများပြားလာပါက ညောင်ဦးနှင့် တောင်သာမြို့နယ်အစပ် မာလာချောင်းအနီးသို့ မြို့သစ်တိုးချဲ့မည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမူနယ်မြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

“ပုဂံမြို့ကြီး လူဦးရေ တိုးပွားလာတဲ့အခါမှာ မြို့ထဲမှာ ကြပ်သွားနိုင်တယ်။ အဲဒီလို ကြပ်သွားနိုင်တာကြောင့် ပုဂံမြို့ကြီး တကယ်ဖွံ့ဖြိုး တိုးတက်စေချင်တယ်ဆိုရင် ပုဂံနဲ့ နည်းနည်းလှမ်းတဲ့ နေရာမှာ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အချိန်၊ လူဦးရေ တိုးတက်လာတဲ့အခါမှာ ဒီဘက် တောင်သာမြို့နယ်နဲ့အစပ်၊ ပုဂံနဲ့ ညောင်ဦးနဲ့ အစပ်ရယ်၊ ဟိုဘက်က ဗျတ္တပန်းဆက်လမ်း မြောက်ဘက်၊ ကျောက်ပန်းတောင်းနဲ့ နီးသွားတဲ့နေရာရယ်၊ အဲ့ဒီနှစ်နေရာကို ကျွန်တော်တို့ ဦးစားပေးပြီးတော့ ရွေးချယ်တယ်။ သို့သော်လည်း ဦးစားပေးတာက တောင်သာနဲ့ ညောင်ဦးမြို့နယ်အစပ် မာလာချောင်းရဲ့ တောင်ဘက်မှာ။ ဒါကတော့ တကယ်လို့များပေါ့ဗျာ နှစ်ပေါင်းများစွာ ကြာလို့ ပုဂံဒေသက လူဦးရေ တိုးတက်မူနှုန်း များလာရင် အဲ့ဒီဘက်မှာ သွားပြီးတော့ အခြေတကျပေါ့” ဟု ဦးမြတ်သူက ပြောသည်။

သို့သော် ပုဂံဒေသ၏ လူဦးရေ တိုးတက်မှုနှုန်းမှာ (၁)ရာခိုင်နှုန်းအောက်သာ ရှိနိုင်သည့်အတွက် နောင် ဆယ်စုနှစ်တစ်ခုကျော် အချိန်အထိ မြို့တွင်း ကြပ်ညပ်သည်အထိ လူဦးရေ များပြားလာနိုင်စရာ မရှိသေးသလို မြိုှုသစ်တိုးချဲ့ရလိမ့်ဦးမည် မဟုတ်သေးကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးဒေသ၊ ညောင်ဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၃)ခု၊ ကျေးရွာအုပ်စု (၅၉)အုပ်စုရှိပြီး လူဦးရေ နှစ်သိန်းခန့် နေထိုင်ကြောင်း ၂၀၁၄ သန်ခေါင်စာရင်းတွင် ဖော်ပြထားသည်။

“ပုဂံဒေသမှာ နောင်ဆယ်နှစ် ဆယ့်ငါးနှစ်အတွင်း ဒေသတစ်ခုလုံး ပြွတ်ကြပ်သွားအောင် တိုးလာစရာ အကြောင်းမရှိဘူး”ဟု ဦးမြတ်သူက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင်  UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမူဆိုင်ရာအဖွဲ့)က ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမူ အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခဲ့သည်။

ထိုသို့ သတ်မှတ်ခံရသော်လည်း လတ်တလောတွင် ပုဂံရှေးဟောင်းနယ်မြေအတွင်း နေထိုင်သည့် ဒေသခံများအပါအဝင် ပုဂံဒေသရှိ ဟိုတယ်၊ အဆောက်အဦးများ နေရာပြောင်းရွှေ့ ဖျက်သိမ်းရမည့် အစီအစဉ် တစုံတရာ မရှိကြောင်း ပုဂံဒေသ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

UNESCO မှ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းများအတွက် အချက်(၁၈)ချက်ကို မဖြစ်မနေ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ပုဂံဒေသ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ပုဂံက ယူနက်စကို ဝင်တဲ့အတွက် မဖြစ်မနေ လုပ်ရမယ့် အချက်(၁၈)ချက် ရှိတယ်။ အဆောက်အဦး ဘယ်လိုဆောက်မလဲ၊ မြို့ဘယ်လို ချဲ့မလဲ။ ဟိုတယ် ဘယ်လိုဆောက်မလဲ စသဖြင့် လုပ်ရမယ်။ ၂၀၂၂မှာ အစည်းအဝေးလုပ်ရမယ်။ ၂၀၂၁မှာ စာတမ်းတင်ရမယ်။ ဘယ်လိုလုပ်မယ်ဆိုတာ စီမံချက်ဆွဲရမယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ညောင်ဦးနှင့် တောင်သာမြို့နယ်အစပ် ဒေသ။

ထိုသို့ စီမံချက်များ ရေးဆွဲရာတွင် ပုဂံဒေသ လူဦးရေ တိုးပွားများပြားလာပါက မြို့သစ်ချဲ့ထွင်နိုင်မည့် အစီအစဉ်ကိုပါ ထည့်သွင်းလျာထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရခြင်းကြောင့် ဒေသခံများ၏ လူမူရေးဘဝနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူ အပေါ် ထိခိုက်မူ မရှိစေဘဲ ရှေးဟောင်းအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းနိုုင်ရန်အတွက် လိုအပ်သည့် ဥပဒေများ ပြင်ဆင်ရေးဆွဲခဲ့သလို စီမံခန့်ခွဲမူ အစီအစဉ်များ စနစ်တကျ ရေးဆွဲကာ လုပ်ဆောင်နေသည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ရှင်းပြသည်။

၁၉၉၆က ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး UNESCO သို့ တင်သွင်းရာတွင်မူ ပုဂံဒေသတွင် နေထိုင်သည့် ဒေသခံအများအပြားကို ပုဂံမြို့သစ်သို့ ပြောင်းရွှေ့စေခဲ့ဖူးသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်