မန္တလေးဈေးချိုတော် အစားအသောက် ကုန်ခြောက်ဆိုင်များ ဆက်လက်ဖွင့်လှစ်မည်၊

မန္တလေးမြို့ရှိ ဈေးများ ယနေ့ စတင်ပိတ်မည်ဆိုသော်လည်း စားသောက်ကုန်နှင့် ဆေးဆိုင်များ ဆက်ဖွင့်မည်

နေကို၊မတ်-၂၈

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူ ဖြစ်စေရန်  မန္တလေးမြို့ ဈေးချိုတော်ရှိ ကျန်ဈေးရုံအချို့ ယာယီ ပိတ်ထားမည်သော်လည်း အစားအသောက် ကုန်ခြောက်ဆိုင်များကိုမူ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ရောင်းချခွင့်ပြုမည်ဟု  အဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီးများ ဈေးအကျိုးတော်အဖွဲ့ အတွင်းရေးမှုး ဦးမင်းမင်းက ပြောသည်။

ဈေးချိုတော် တိုက်တန်းကြီးနှင့် ဈေးရုံများကို မနက်ဖြန် (မတ်လ ၂၉ ရက် -တနင်္ဂနွေ)မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်းနှင့် ဈေးချိုတော် ပြန်လည်ဖွင့်မည့်ရက်ကို ထပ်မံ ကြေငြာပေးမည်ဟု ဈေးအကျိုးတော်‌ဆောင် အဖွဲ့က ထုတ်ပြန်ကြေငြာထားသည်။

အများပြည်သူ လိုအပ်ချက်အရ  မန္တလေးဈေးချိုတော်ရှိ အစားအသောက်တန်းနှင့် ကုန်‌ခြောက်တန်းများကို ရောင်းချထုပ်ပိုးမှု ပုံစံပြောင်းလဲ၍ အချိန်အကန့်အသတ်ဖြင့် ယခင်နေရာများတွင် ဆက်လက်ရောင်းချခွင့် ပြုမည်ဟု ဦမင်းမင်းက ရှင်းပြသည်။

“ဝယ်သူနှင့် ရောင်းသူကြား တတ်နိုင်သမျှ ထိတွေ့မှု နည်းအောင် အဆင်သင့် ထုပ်ပိုးထားတဲ့ပုံစံနဲ့ ဝယ်ယူရောင်းချရမယ်။ ထိတွေ့မှု နည်းအောင် အချိန်လျော့ချ လိုက်တာပေါ့။ ဆက်ဖွင့်မယ့် ဆိုင်တွေမှာ ဝယ်သူတွေအတွက် ဝယ်ယူရမယ့် အချိန်ကို သပ်သပ်ကြေငြာပေးသွားမှာပါ။ အဓိက နေ့ပိုင်းပဲ ဖြစ်ပါမယ်” ဟု ၎င်းက ဆိုသည်။

COVID -19 ရောဂါ ဂယက်ကြောင့် မန္တလေးဈေးချိုကို မှီခိုနေသည့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများရှိ ဈေးသည်များ အခက်တွေ့နေရပြီး အချို့သော ဈေးသည်များက ဈေးဝယ်သည့်ပုံစံကို ပြောင်းလဲထားသည်ဟု ဆိုသည်။ COIVID-19 ဂယက်ကြောင့် ကိုယ်တိုင်သွားမဝယ်ဘဲ မန္တလေး ဈေးချိုတော်ရှိ ဝယ်နေကြ ဆိုင်များသို့ ဖုန်းဆက်ကာ မှာယူ‌ရောင်းချ‌ကြောင်း ပုဂံညောင်ဦး ဒေသမှ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

မန္တလေးမြို့၊ ဈေးချိုတော်သည် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဘယဆေးဝါး၊   ကုန်ခြောက် ပစ္စည်းများနှင့်  အစားအသောက်များကို မြန်မာပြည်အနှံ့သို့ ဖြန့်ချီရောင်းချပေးနေသော အထက်မြန်မာပြည်၏ အဓိက ဈေးကြီး ဖြစ်သည်။

မန္တလေးဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ စည်ပင်သာယာပိုင် ဈေးများအားလုံးတွင် အစားအသောက်နှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှ လွဲ၍ ကျန်ဆိုင်များအားလုံး ယနေ့ မတ်လ(၂၈)ရက် ညနေပိုင်းမှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးထုတ်ပြန်သည်။

မန္တလေးမြို့တွင် စည်ပင်သာယာပိုင် ဈေး (၄၅)ဈေး ရှိသည်။ အဆိုပါ ဈေးများတွင် ရောင်းချနေသည့် ဈေးဆိုင်များအနက် စားသောက်ကုန်နှင့် ပတ်သက်သည့် ဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့် ပြုခြင်းဖြစ်ပြီး ကျန်ဆိုင်များ ယနေ့ မတ်လ(၂၈)ရက် ညနေပိုင်းမှစတင်ကာ ပိတ်သိမ်းထားရမည်ဖြစ်ကြောင်းနှင့်  ပိတ်သိမ်းသည့် ဆိုင်များမှ ပစ္စည်းများကို အိမ်သို့သယ်ယူ ရောင်းချနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင် ကော်မတီဝင် ဦးကျော်ဆန်းမြင့်က Mandalay In-depth News အား ပြောသည်။

“ကျန်ုဆိုင်များအားလုံး ဒီနေ့မနက်ကစပြီး ပိတ်မည့်အကြောင်း အကျိုးတော်ဆောင်များနဲ့ အတူ ကြေညာရန်၊ ညနေအထိ လိုအပ်တဲ့ပစ္စည်းများ အိမ်သယ်ရောင်းချင်ပါက ခွင့်ပြုရန်၊ ရုတ်ရုတ်သဲသဲ မဖြစ်ရေး အထူးသတိပြု ညွှန်ကြားရန်ဆိုပြီး ဆောင်ရွက်နေပါတယ်”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

Photo – Nay Ko

လက်ရှိတွင် မန္တလေးမြို့၌ COVID_19 ကူးစက်ဖြစ်ပွားနေသူ တစ်ဦးရှိပြီး တစ်နိုင်ငံလုံးတွင် COVID-19 ကူးစက်ခံရသူ (၈)ဦးအထိ ရှိနေသည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်