သတင်မှားနှင့် ကောလာဟလ ထုတ်လွှင့်သူများကို အရေးယူမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်
Mandalay In-depth News၊ မတ်-၁၂
Covid-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ စိုးရိမ်လွန်ကဲစိတ် မဖြစ်ကြရန်နှင့် သတင်းတု၊ သတင်းမှားများကို ယုံကြည်ဖြန့်ဝေခြင်း မပြုလုပ်ကြရန် မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“အလွန်အကျွံ စိုးရိမ်ထိတ်လန့်တာတွေ မဖြစ်ဖို့။ အသိရှိအောင်ပေါ့။ တချို့နိုင်ငံတွေမှာ စားစရာသောက်စရာတွေ ပြေးဝယ်ကြ၊ ဘာကြ။ အကုန်လုံး ပြတ်လပ် ထွက်သွားတယ်တို့ ဘာတို့ နိုင်ငံကြီးတွေမှာတောင် ဖြစ်တယ်။ ကျွန်တော်တို့က အဲ့ဒီလိုမျိုးပေါ့ အစိုးရိမ်လွန်ကဲတဲ့ ကိစ္စမျိုးတွေ မဖြစ်အောင် တစ်ဦးချင်းမှာ အသိရှိဖို့ လိုပါတယ်။ ဒါကိုတော့ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ မှန်မှန်ကန်ကန် ဒီ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် တုန့်ပြန်ဆောင်ရွက်နိုင်ကြဖို့၊ အရေးကြီးပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ သတင်းအတု သတင်းအမှားမျာကို ကိုယ်ကိုတိုင် မဖြန့်ချီကြဖို့၊ သူမျာက (သတင်းတု၊သတင်းမှား) ထုတ်တဲ့ အခါမှာလည်းပဲ မှန်၏၊ မမှန်၏ Confirmation အတည်ပြူချက် မရဘဲနဲ့ ထပ်ဆင့်ပြီးတော့ ထုတ်ပြန်တာတွေ မပြုလုပ်ကြဖို့ အရေးကြီပါတယ်”ဟု ဦးဇာနည်အောင်က ပြောသည်။
ယနေ့ မတ်လ(၁၂)ရက် ညနေပိုင်က Covid-19 ရောဂါနှင့်ပတ်သက်၍ ကျောင်းများ (၆)ပတ် ပိတ်မည်ဖြစ်ကြောင်း သတင်းမှားနှင့် ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ ကျောင်းများပိတ်မည်ဆိုသည်မှာ ကောလာဟလ သတင်းမှားသာ ဖြစ်သည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးကြောင်းနှင့် ပွဲလမ်းသဘင်နှင့် လူစူလူဝေးများမှ ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အထက်ပါ ကောလာဟလများကြောင့် အများပြည်သူကြား စိုးရိမ်ထိတ်လန့်မှု မြင့်တက်ကာ အိမ်သုံးပစ္စည်းနှင့် အစားအသောက်များ ဝယ်ယူစုဆောင်းသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ကောလာဟလများ ထွက်ပေါ်ပြီးနောက် ယနေ့ ညနေပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ဈေးဝယ်စင်တာအချို့တွင် ဈေးဝယ်ယူသူ များပြားခဲ့ကြောင်း သတင်းရရှိသည်။
Covid-19 ရောဂါနှင့် ပတ်သက်၍ စိုးရိမ်စိတ် မလွန်ကဲကြရန် မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်က ပြောပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က Covid-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာလိုက်ပြီဖြစ်၍ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို အလေးထားကြရန် တိုက်တွန်းသည်။

တချိန်တည်းမှာပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Covid-19 ရောဂါနှင့်ပတ်သက်၍ သတင်းမှားနှင့် ကောလာဟလ ဖြန့်ချီသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါသည်။ ယနေ့ မတ်လ(၁၂)ရက်၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးပါ။ ယခုအခါ မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍လည်းကောင်း၊ ထိုသို့ ပြည်သူများ၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသောစိတ်ထားဖြင့် အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားများကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူးလျက်ရှိပါသည်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ (Facebook messenger) မှ တဆင့် ကောလာဟလ သတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပြီး အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိပြီး ပြည်သူတစ်ဦး၊ နိုင်ငံသားတစ်ဦး အနေဖြင့် မည်သို့မျှ မလုပ်ဆောင်သင့်ကြောင်း ဝန်ကြီးဌာနက ဖော်ပြသည်။
ကောလာဟလ သတင်းမှားများ ဖြန့်ဖြူးနေသူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် တိုက်တွန်းကြောင်း ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယနေ့ မတ်လ(၁၂) ရက်၊ ညနေ (၆) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမျှ တွေ့ရှိခြင်း မရှိသေးဘဲ စောင့်ကြည့်လူနာ (၁၆) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

Covid-19 ရောဂါနှင့်ပတ်သက်၍ ကောလာဟလ သတင်းမှားများ ထွက်ပေါ်ပြီးနောက် မန္တလေးမြို့ပေါ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အိမ်သုံးပစ္စည်း ဝယ်ယူနေသူများ/ Photo – Supply
#Mandalay_Indepth_News
.