မန္တလေးတွင် ဘုရားစေတီ၊ ဗလီနှင့် ဘုရားကျောင်းများသို့ လာရောက်သူများ ကျန်းမာရေး ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမည်

Mandalay In-depth News၊ မတ်-၂၉

မန္တလေးတိုင်းအတွင်းရှိ ဘုရားပုထိုးစေတီများ၊ ဗလီများ၊ Church ကျောင်းများနှင့် ဘုံကျောင်းကဲ့သို့ ဘာသာရေးဆိုင်ရာ နေရာများသို့ လာရောက်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သုံးရက်အတွင်း ထုတ်ပေးထားသည့် ကျန်းမာရေးထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က အသိပေးပန်ကြားချက် ထုတ်ပြန်သည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အဆိုပါအတိုင်း အသိပေးပန်ကြားခြင်း ဖြစ်ပြီး ယနေ့ မတ်လ(၂၉)ရက်မှ ဧပြီ(၃၀)အထိ ကျန်းမာရေးထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ခွင့်ပြုမည်ဟု ဆိုသည်။

ဘုရားပုထိုးစေတီများ၊ Church ကျောင်းများ၊ ဗလီများ၊ ဘာသာရေး စာသင်ကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများနှင့် တရုတ်ဘုံကျောင်းများသို့ လာရောက်သူများနှင့် ဖူးမြော်ကြသူများ အနေဖြင့် ကျန်းမာရေးကောင်းမွန်ရန် လိုအပ်ပြီး ထို့အတွက် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနများတွင် (၇၂)နာရီအတွင်း စစ်ဆေးထားသည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိမှသာ ဝင်ရောက်ခွင့်ပြုမည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Photo – MOHS

သို့သော် တိုင်းအစိုးရ၏ အသိပေးချက် မထုတ်ပြန်မီ ကတည်းကပင် မန္တလေးမြို့ပေါ်ရှိ ဘာသာရေးဆိုင်ရာ နေရာအချို့က COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လိုအပ်သည့် ပညာပေးခြင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

မန္တလေး မဟာမုနိဘုရားကြီးတွင် ဘုရားဖူးလာသူများအား ကျန်းမာရေးစစ်ဆေးသလို မန္တလေးမြိုပပေါ်ရှိ ဘုရားကျောင်းအချို့ကလည်း COVID-19 ကာကွယ်ရေး ဝတ်ပြုဆုတောင်းသည့် အစီအစဉ်များ ရပ်နားထားသည်။

“ဘုရားကျောင်းမှာ ဝတ်ပြုကိုးကွယ်တဲ့အစီအစဉ် အကုန်ရပ်ထားတယ်။ တနင်္ဂနွေ ဝတ်ပြုအစီအစဉ်တွေ မရှိတော့ဘူး။ တစ်ပတ်လောက်ရှိပြီ ရပ်နားထားတာ။ ဝတ်ပြုအစီအစဉ်တွေကို ဖုန်းကနေ Live လွှင့်ပေးတယ်” ဟု မန္တလေးမြို့ စိန့်မိုက်ကယ်ဘုရားကျောင်းမှ ဖာသာ ဝင်းမြင့်က ပြောသည်။

Photo – MOHS

တချိန်တည်းမှာပင် လူစုလူဝေးများသည် ရောဂါကူးစက်မှုကို ပိုမိုလွယ်ကူ မြန်ဆန်စေသဖြင့် အများပြည်သူ အနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် နေအိမ်တွင်ပင် နေထိုင်ကြရန် လည်း မန္တလေးတိုင်းအစိုးရက မေတ္တာရပ်ခံ ပန်ကြားသည်။

အထူးသဖြင့် အသက်(၆၀)ကျော်အရွယ် သက်ကြီးပိုင်းများနှင့် ကလေးသူငယ်များ အနေဖြင့် အိမ်ပြင်မထွက်သင့် ဟု ဆိုသည်။ အများပြည်သူအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးချက်များကို လိုက်နာကြရန်လည်း မန္တလေးတိုင်းအစိုးရက မေတ္တာရပ်ခံသည်။

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ တစ်ဦး အပါအဝင် မတ်လ(၂၈)ရက်အထိ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ (၈)ဦး အထိရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Photo – MOHS

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်