မန္တလေးတွင် ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသည့် ယာဉ်မောင်း(၇)ဦးကို ထောင်ဒဏ်(၇)နှစ်စီ ချ

ဘုံကမ္ဘာထွန်း ၊ ဇန်နဝါရီ-၃၀

မန္တလေးမြို့တွင် ခရီးသည်များကို ခြိမ်းခြောက်ကာ ငွေလုယက် တောင်းယူသူ ဆိုင်ကယ်တက္ကစီနှင့် အငှားယာဉ်မောင်း အမျိုးသား(၇)ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၁)ရက်က ရှမ်းပြည်နယ် မူဆယ်မြို့မှ ရန်ကုန်သို့ သွားရန် မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကားဝင်းသို့ ရောက်ရှိလာသည့် ခရီးသည်များထံမှ ဆိုင်ကယ်တက္ကစီယာဉ်မောင်းနှင့် အငှားကားမောင်းသူများက ခြိမ်းခြောက်ကာ ငွေကြေးလုယက် တောင်းခံခဲ့သည်။

ပြည်ကြီးမျက်ရှင် ကားဝင်းသို့ ရောက်ရှိလာသည့် ခရီးသည် သုံးဦးသည် ဆိုင်ကယ်တက္ကစီနှစ်စီး ငှားရမ်း၍ တည်းခိုခန်းသို့ သွားရာ အခန်းပြည့်နေသဖြင့် ဆိုင်ကယ်တက္ကစီမောင်းသူ နှစ်ဦးက ရန်ကုန်သွားမည့် ကားဂိတ်သို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ပြောဆိုကာ ချမ်းအေးသာစံမြို့နယ် (၇၇)လမ်း၊ (၃၂)လမ်းနှင့်(၃၃)လမ်း ကြားရှိ ခွေးဘီလူးကားတစ်စီးပေါ် တင်ပေးကြောင်း၊ အဆိုပါ ဆိုင်ကယ်တက္ကစီမောင်းသူ  နှစ်ဦးက တက္ကစီခအဖြစ် ခရီးသည်တစ်ဦးလျှင် ငွေကျပ်(၃၆၀၀၀)နှုန်းဖြင့် ကျပ် (၁၀၈၀၀၀) တောင်းယူသွားခဲ့သလို ခွေးဘီးလူးယာဉ်ပေါ်မှ အမျိုးသား(၅)ဦးကလည်း ခရီးသည် (၃)ဦးကို ဝိုင်းဝန်းခြိမ်းခြောက်ပြောဆိုကာ ငွေကျပ်(၆၃၀၀၀၀)နှင့် တရုတ်ယွမ်ငွေ (၁၂၀၀)ကို လုယက်ယူဆောင် သွားခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးမြို့ မဟာအောင်မြေ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၆/၁၁၄ (ခြောက်လှန့်တောင်းယူမှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူများဖြစ်သည့် အသက်(၅၈)နှစ်အရွယ်  ဝင်းအောင်(ခ)နွားကြီးအပါအဝင် အမျိုးသား (၇)ဦးကို ဖမ်းဆီးကာ မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့သို့ ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသည့်  ဆိုင်ကယ်နှင့် တက္ကစီယာဉ်မောင်း အမျိုးသား (၇)ဦးကို  မဟာအောင်မြေမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ(၂၇)ရက်တွင် ယင်းအမျိုးသား (၇)ဦးကို အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်စီ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းမူများ မကြာခန ဖြစ်ပွားနေရာ ဆိုင်ကယ်နှင့် ကားတက္ကစီများ ငှားရမ်းအသုံးပြုမည်ဆိုပါက စည်ပင်သာယာ အသိအမှတ်ပြု တက္ကစီမောင်းနှင်သူများကိုသာ ငှားရမ်းကြရန်နှင့် အဆင်မပြေမူများ ရှိပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ကားဝင်းများတွင် အသိပေးကြေညာထားသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရဲတပ်ဖွဲ့ ရဲမှူးးငြိမ်းချမ်းအောင်က ပြောကြားထားသည်။

ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသည့် ဆိုင်ကယ်တက္ကစီနှင့် အငှားယာဉ်မောင်း အမျိုးသား(၇)ဦးကို ဖမ်းဆီးထားစဉ်/ Photo – Mandalay Police.

#Mandalay_Indepth_News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်