မန္တလေးတိုင်းအတွင်း လူစုလူဝေး ဖြစ်စေမည့် ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပခွင့်ပိတ်သိမ်းဖွယ်ရှိ

ဘုန်းနေ၊ ဇန်နဝါရီ- ၃၁

ဝူဟန်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့) က ကြေညာခဲ့ပြီးနောက် မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြင့် ပြုလုပ်သော ပွဲလမ်း သဘင်များနှင့် အခမ်းအနားများကို လျော့ချမည် ဖြစ်ကြောင်း တိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

“ဒီကိစ္စဖြစ်လာပြီ ဆိုတော့ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို လျော့ချရမယ်။ သို့တည်း မဟုတ်လို့ရင် မပြုလုပ်ဘူး ဖြစ်ရပါမယ်။ ဒီရောဂါကို တစ်ကမ္ဘာလုံးမှာ ထိန်းချုပ်မှု မရသေးသ၍ ပြည်သူတွေက အသိလေးနဲ့ ပူးပေါင်းကြမှ အဆင်ပြေမယ်” ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

ဝူဟန်ရောဂါနှင့် ပတ်သက်၍ နိုင်ငံတကာ ဘေးအန္တရာယ် ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီးနောက် အထူးသတိပြုရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် မန္တလေးမြို့တွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အစိုးရ၏ အသိပညာပေးလုပ်ငန်း လုပ်ဆောင်မှုမှာ အားနည်းနေကြောင်း မန္တလေးမြို့ခံအချို့က ပြောသည်။

ဝူဟန်ရောဂါနှင့် ပတ်သက်၍ မန္တလေးမြို့ပေါ်ရှိ ကျောင်းများနှင့် ရပ်ကွက်များတွင် အသိပညာပေးခြင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များပါသော လက်ကမ်းစာစောင်များ ဝေငှခြင်းများ မရှိသလို မန္တလေးမြို့တွင် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူအသိပေးခြင်းကဲ့သို့ ပညာပေးလုပ်ဆောင်မှုများ မတွေ့ရှိရသေးကြောင်း မြို့ခံများက ပြောသည်။

“ကျောင်းတွေ ဘာတွေမှာ အသိပညာပေးတာ၊ လက်ကမ်းစာစောင် ဝေငှတာ ဘာမှမရှိသေးဘူး။ ကလေးတွေ ကျောင်းတက်ခိုင်းဖို့တောင် စိုးရိမ်တယ်။ အများပြည်သူကို အသိပညာပေးတာ အားနည်းတယ်။ အစိုးရက ဝူဟန်က ပြန်လာမယ့် ကျောင်းသားတွေအတွက်ပဲ အဓိက အလုပ်လုပ်နေသလိုပဲ”ဟု မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက် ရပ်ကွက်တွင် နေထိုင်သူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

Photo – Mdy – Region – GAD

ဝူဟန်ရောဂါ ခေါ် 2019 Novel Coronavirus (2019-n-Cov) အဆုတ်ရောင်ရောဂါ မန္တလေးသို့ ကူးစက်မှု မရှိစေရန်နှင့် အဆိုပါ ရောဂါနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင် ပြင်ဆင် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနဆိုင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပေါင်းစပ်၍ အားလုံးပါဝင်သော (Surveillance and Respond Team – SRT) ကို တိုင်းအစိုးရ ဝန်ကြီးနှစ်ဦး ဦးဆောင်ပါဝင်ကာ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မန္တလေးလေဆိပ်၌ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများအား လေကြောင်းဝင်ပေါက် သာလှျှင်မက ရေကြောင်း၊ ကုန်းကြောင်းစသည့် ဝင်၊ ထွက်ပေါက်များကိုပါ (SRT) အဖွဲ့က စောင့်ကြည့်စစ်ဆေးလျှက် ရှိသည့်အပြင် အခြား ဝင်၊ထွက်ပေါက်များကိုလည်း စောင့်ကြည့်ဆောင်ရွက်လျှက် ရှိသည်ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဆိုသည်။

ထို့အပြင် ဝူဟန်ရောဂါနှင့်ပတ်သက်၍ သံသယရှိလူနာ တွေ့ရှိက (SRT)သို့ ဆက်သွယ်နိုင်ပြီး စနစ်တကျကုသဆောင်ရွက်ရန် ထားရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် ဝူဟန်ဗိုင်းရပ်စ်(nCov9) ရောဂါကို မထိန်းချုပ်နိုင်မီ အချိန်အထိ လူစုလူဝေးရှိရာသို့ မသွားသင့်ကြောင်း၊  နှာစေးချောင်းဆိုး ဖြစ်ခဲ့လျင် မျက်နှာအုပ်(Mask)များ တပ်ဆင်ခြင်း၊ စနစ်တကျ စွန့်ပစ်ခြင်းကဲ့သို့ ကျန်းမာရေး အသိဖြင့် ဆောင်ရွက်လျင် ကပ်ရောဂါကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဦးဇာနည်အောင်က အကြံပြုသည်။

ပြင်ဦးလွင် ဝက်ဝံဂိတ်တွင် အပူချိန်တိုင်း စစ်ဆေးနေစဉ်/ Photo – Mdy Region – Gad

မန္တလေးတိုင်းအတွင်း လက်ရှိအချိန်ထိ ဝူဟန်ရောဂါ ကူးစက်ခံရသည့် သံသယရှိလူနာ တစ်ဦးမျှ မတွေ့သေးဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဆိုသည်။

“ကျန်းမာရေး ဘက်ဂျက်အောက်ကနေ ကျခံသုံးစွဲသွားမယ်။ အခုချိန်ထိတော့ ကူးစက်ခံရတဲ့ ရောဂါသည် တစ်ဦး မှ မတွေ့သေးပါ။ ဆက်လက်ပြီး ကာကွယ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

တံတားဦးလေဆိပ်တွင် ဝူဟန်ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးနေစဉ်/ Photo – U San Yu FB

လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ တံတားဦးလေဆိပ်၊ ပြင်ဦးလွင်မြို့ ဝက်ဝံဂိတ်၊ သာစည်မြို့နယ်ဂိတ်နှင့် ဝမ်းတွင်းမြို့နယ်ဂိတ်များတွင် ဝူဟန်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်