မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ယာယီရပ်နား

မောင်မင်းမော်၊ ဇန်နဝါရီ – ၃၀

မန္တလေးတက္ကသိုလ်တွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့မှုနှင့် ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများကို စိစစ်အရေးယူပေးရန် တောင်းဆိုလျှက်ရှိသော မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်အား ယနေ့ ဇန်နဝါရီ(၃၀)ရက်မှစတင်ကာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ကျောင်းသားများက ပြောသည်။

“လောလောဆယ် ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်”ဟု မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် သပိတ်ဦးဆောင် ကော်မတီဝင် ကိုဝေယံထက်က Mandalay In-depth News အား ပြောသည်။

မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ခဲ့သည့် Food Court ကိစ္စနှင့် ပတ်သက်၍ သမ္မတရုံးမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ မလိုက်နာဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းအား ဇန်နဝါရီ(၂၈)ရက်တွင် အငြိမ်းစားပေးခဲ့ခြင်း အပါအဝင် အခြား အရေးယူမှုများ ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ကတိကဝတ်ပြုသဖြင့် ယခုကဲ့သို့ သပိတ်ယာယီရပ်နားခြင်း ဖြစ်သည်ဟု သပိတ်မှောက်ကျောင်းသားများက ဆိုသည်။

သပိတ်ယာယီရပ်နားရန် မန္တလေးတက္ကသိုလ် ဘာသာရပ်ဌာန(၁၉)ခုမှ ကျောင်းသားများ တက်ရောက်သည့် ကျောင်းသားထုအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သပိတ် လှန်၊မလှန်ကိုမှု တောင်းဆိုချက်များ ဖြေရှင်းဆောင်ရွက်အပေါ် မူတည်ကာ ဆက်လက်ဆုံးဖြတ်မည်ဟု ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့ တောင်ဆိုထားတဲ့ အချက်တွေကို ၂၈ရက်နေ့‌ နောက်ဆုံးထားပြီး ထုတ်ပြန်ပေးမယ်လို့ ဒေါက်တာသိန်းဝင်းက ကတိပေးခဲ့တယ်။ ပါ‌မောက္ခချုပ်ကို‌တော့ အရေးယူမှု လုပ်ပြီးသွားပြီ။ ဒါ‌ပေမယ့် တခြားတာဝန်ရှိတဲ့သူတွေ အရေးမှု ကျန်သေးတယ်။ အဲ့တာတွေကို ၂၈ရက်နေ့‌ နောက်ဆုံးထားပြီး ထုတ်ပြန်ပေးမယ်လို့ ဒေါက်တာသိန်းဝင်းက ကတိပေးခဲ့တယ်။ အဲ့ဒါ‌ကြောင့် ကျွန်‌တော်တို့က အဲ့ဒီ၂၈ရက်အထိ‌ စောင့်ကြည့်ပြီးမှ သပိတ်ကို လှန်မလှန် ဆုံးဖြတ်မှာ ဖြစ်ပါတယ်”ဟု ကိုဝေယံထက် က ဆိုသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းရာတွင် ပွင့်လင်းမြင်သာမူ မရှိဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား၊ကျောင်းသူများက ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာကတည်းက သပိတ်မှောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ပိတ်သိမ်းရန် ပြင်ဆင်နေစဉ်/Photo – Min Maw

#Mandalay_Indepth_News

#Mandalay_News

#Food_Court #Mandalay_University #Students_Union

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်