Mandalay In-depth News၊ မတ်-၁၂
Covid-19 ရောဂါ တားဆီးကားကွယ်နိုင်ရေးအတွက် သြင်္ကန်မဏ္ဍပ်ကြီးများ နှင့် ရုပ်ရှင်ရုံများအပါအဝင် လူစည်ကားသည့် ပွဲလမ်းသဘင် လူစုလူဝေး၊ အခမ်းအနား၊ အစည်းအဝေးများ ကျင်းပခြင်းကို ပိတ်သိမ်းရန် အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။
COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်ကာ ယနေ့ မတ်လ(၁၂)ရက် နေ့လည်ပိုင်းက နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်လှထါန်းက ဆိုသည်။
“မနက်ဖန် (မတ်လ၁၃ရက်) ကစပြီး ဧပြီလကုန်အထိ ကာလအတွင်း တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ထိရောက်အောင် ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားကြဖို့၊ အများပြည်သူကို ကျန်းမာရေးအသိနဲ့ သတိထားနေထိုင်ဖို့ ပညာပေးပန်ကြားဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ထိုကာလအတွင်း လူစည်ကားတဲ့ ပွဲလမ်းသဘင် လူစုလူဝေး အခမ်းအနား အစည်းအဝေးများ (သြင်္ကန်မဏ္ဍပ်ကြီးများ နှင့် ရုပ်ရှင်ရုံများအပါအဝင်) မကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာဌာနတွေက တရားဝင် ကြေညာပါလိမ့်မယ်”ဟု ဦးအောင်လှထွန်းက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် Covid-19 ရောဂါနှင့်ပတ်သက်၍ ဆက်စပ်ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးပြသနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း အစည်းအဝေးတွင် ဆွေးနွေး တိုင်ပင်ခဲ့သည်ဟု ဆိုသည်။
Covid-19 ရောဂါ စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံတွင် အထက်ပါအတိုင်း ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် (aggressive measures) အရေးယူ ဆောင်ရွက်ခဲ့သည့်အတွက် ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းလာသည်ဟု သုံးသပ်ကြောင်း ဦးအောင်လှထွန်းက ရေးသားဖာ်ပြထားသည်။
ထို့အပြင် Covid-19 ရောဂါနှင့်ပတ်သက်၍ သတင်းအတု၊ သတင်းမှား၊ ကောလာဟလများ မယုံကြည်ရန်၊ ထုတ်လွှင့်သူများကို ဖော်ထုတ်ဟန့်တား ပေးကြရန်လည်း မေတ္တာရပ်ခံထားပြီး သတင်းတု၊ သတင်းမှား ကောလာဟလ ထုတ်လွှင့်သူများကို သက်ဆိုင်ရာမှလည်း တည်ဆဲဥပဒေများနှင့် အညီ အရေးယူမည်ဟု ၎င်းက ဆိုသည်။
ယနေ့ မတ်လ(၁၂) ရက်၊ ညနေ (၆) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမျှ တွေ့ရှိခြင်း မရှိသေးဘဲ စောင့်ကြည့်လူနာ (၁၆) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။

အများပြည်သူအနေဖြင့် Covid-19 ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် အသိပေးနှိုးဆော်ချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
#Mandalay_Indepth_News
.