စင်္ကာပူတွင် Covid-19 ရောဂါ ကူးစက်ခံရသည့် မြန်မာအမျိုးသမီးနှင့် အနီးကပ်နေထိုင်ခဲ့သူ အမျိုးသားကို ကျောက်ပန်းတောင်းဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ

ပါရမီဆန်း၊ မတ်-၂

စင်္ကာပူနိုင်ငံတွင် Covid-19 ရောဂါ ကူးစက်ခံထားရသည့် မြန်မာအမျိုးသမီးနှင့် အနီးကပ်နေထိုင် ထိတွေ့ခဲ့သည့် မြန်မာနိုင်ငံသား အသက်(၂၆)အရွယ် အမျိုးသားတစ်ဦး ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသဖြင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံ၌ အသွားအလာကန့်သတ်ကာ ရောဂါဖြစ်ပွားမှု ရှိ၊မရှိ စောင့်ကြည့် စစ်ဆေးလျှက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Covid-19 ကူးစက်မြန်ရောဂါ ကူးစက်ခံထားရသည့် အမျိုးသမီးနှင့် အနီးကပ် နေထိုင်ထိတွေ့ခဲ့သည့် အမျိုးသားတွင် ယခုလောလောဆယ် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံတွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိပြီး ယင်းအမျိုးသား၏ ဇနီးကိုလည်း ဆေးရုံတွင်ထားရှိ၍ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိသည်ဟု ဝန်ကြီးဌာနက ယနေ့ မတ်လ(၂)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စင်္ကာပူနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနသည် မတ်လ(၁)ရက်က မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ “စင်္ကာပူနိုင်ငံတွင် လက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား၊ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးသည် စင်္ကာပူနိုင်ငံမှ COVID-19 ရောဂါဖြစ်ပွားသူတစ်ဦး နှင့် အနီးကပ် နေထိုင်ထိတွေ့ခဲ့သူ (close contact) ဖြစ်သဖြင့် စင်္ကာပူနိုင်ငံရှိ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှု (home quarantine) ခဲ့စဉ် ရောဂါလက္ခဏာများ ပြသခဲ့ပြီး (၁-၃-၂၀၂၀) ရက်တွင် COVID-19 ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသမီးအား စင်္ကာပူနိုင်ငံတွင် ကုသမှုပေးလျက်ရှိကြောင်း” အသိပေး အကြောင်းကြားခဲ့သည်။

ထို့အပြင် “အဆိုပါအမျိုးသမီးနှင့် စင်္ကာပူနိုင်ငံတွင် အနီးကပ်နေထိုင် ထိတွေ့ခဲ့သူ (close contact) ဖြစ်သည့် မြန်မာနိုင်ငံသား၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် (၂၆-၂-၂၀၂၀) ရက်တွင် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း” အကြောင်းကြားလာသည်ဟု ဆိုသည်။

ထိုသို့ သတင်းရရှိသည်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လေကြောင်းလိုင်း မှတ်တမ်းများကို စစ်ဆေးခြင်းနှင့် အဆိုပါ အမျိုးသား၏ ကျန်းမာရေးအခြေအနေ ဖော်ပြချက်ကဒ် (health declaration card) တွင် ဖြည့်စွက်ထားသော လိပ်စာနှင့် ဖုန်းနံပါတ်တို့မှ တစ်ဆင့် လိုက်လံရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါအမျိုးသားသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရောက်ရှိနေကြောင်း တွေ့ရှိရသဖြင့် ယင်းအမျိုးသားနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို  ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံတွင် အသွားအလာကန့်သတ်၍ ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကူးစက်မြန် COVID-19 ရောဂါသည် လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၆၀)ခန့်တွင် ကူးစက်ပျံ့နှံ့လျက်ရှိပြီး ရောဂါကူးစက်ခံရသူ (၈၀၀၀၀)ကျော်နှင့် သေဆုံးသူ (၃၀၀၀)ဝန်းကျင် ရှိသည်။

မြန်မာနိုင်ငံတွင် ယနေ့ မတ်လ(၂)ရက် ညနေ (၆) နာရီအချိန်အထိ ကူးစက်မြန် Covid-19 စောင့်ကြည့်လူနာ (၅)ဉီး ရှိပြီး ၎င်းတို့ကို သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကာ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ရောဂါဖြစ်ပွားသူနှင့် အနီးကပ်နေထိုင်ထိတွေ့ခဲ့သူ (close contact) များ (သို့မဟုတ်) ရောဂါကူးစက်ပြန့်ပွားမှု များပြားရာ နေရာဒေသမှ ပြည်တွင်းသို့ လာရောက်ကြသူများအနေဖြင့် လက်ရှိတွင် ရောဂါပျိုးချိန် (incubation period) အတွင်းဖြစ်၍ ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးသော်လည်း ရောဂါပျိုးချိန်ကာလတစ်ခုတွင် ရောဂါဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆောင်ရွက်ခြင်းတွင် ပြည်သူများနှင့် ကာယကံရှင်ကိုယ်တိုင် နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

#Mandalay_Indepth_News

#Mandalay_News #Wuhan #Covid_19 #ကူးစက်မြန်ရောဂါ

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်