ICJ အမှု ဇန်နဝါရီလအတွင်း ဆုံးဖြတ်ဖွယ်ရှိ၊ ပြည်သူများ ရဲစွမ်းသတ္တိနှင့် ဆင်ခြင်တုံတရားရှိစွာ ရင်ဆိုင်ဖြတ်သန်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Mandalay In-depth News၊ ဒီဇင်ဘာ-၁၈

လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ကြားဖြတ်စီမံချက်များ ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် လာမည့် ဇန်နဝါရီလအတွင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က စီရင်ချက် ချမှတ်ဖွယ်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အခု လက်ရှိအချိန်မှာ ကျွန်မတို့အနေနဲ့ တရားရုံးတော်ရဲ့ စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားဖို့ပဲ ဖြစ်ပါတယ်။ တရားရုံးတော်က စီရင်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်းမှာ ချမှတ်သွားဖွယ်ရာ ရှိပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဒီဇင်ဘာ(၁၈)ရက် ညနေပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံတိုင်းသည် ခက်ခဲသည့် အချိန်ကာလများကို ဖြတ်သန်းကျော်လွှားရလေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရှောင်လွှဲ၍ မရနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အဲ့ဒီလို ကျော်လွှားရတဲ့ အခက်အခဲတွေကပဲ ကျွန်မတို့ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ် ဆင်ခြင်ပြီး အားသစ်အင်သစ် ဖြည့်ခြင်းနဲ့ အမှားပြင် အမှန်ဆောင်ရွက်ခြင်းတွေကို ပြုလုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်။ ပိုမိုကောင်းမွန်စေဖို့၊ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေဖို့အတွက် ကျွန်မတို့ တွေ့ကြုံရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေကို ရိုးသားဖြောင့်မတ်စွာ၊ အပြုသဘောဆောင်စွာ ရင်ဆိုင်ကျော်လွှား သွားနိုင်ဖို့အတွက် ရဲစွမ်းသတ္တိနှင့် ဆင်ခြင်တုံတရား လိုအပ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ICJ တရားရုံးအထိ တရားစွဲဆိုခံရခြင်းမှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့်  ဖြစ်စဉ်များကြောင့် မဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေခဲ့သည့် လူမူရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အားနည်းချက်များအပေါ် လက်တွေ့ကျကျ မျှမျှတတ ကိုင်တွယ်ဖြေရှင်းနိုှုင်ခဲ့သည့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးခဲ့သည့်အတွက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အတိတ်ကို ပြန်လည်ပြောင်းလဲလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ သာယာလှပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် လက်ရှိ ပစ္စုပ္ပန်ကို အကောင်းဆုံး အသုံးချရမှာ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ICJ တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ဥပဒေကြောင်းနှင့် နိုင်ငံရေးရာ အကျိုးသက်ရောက်မှု၊ မြန်မာနိုင်ငံအပေါ် ကျရောက်လာနိုင်သည့် အကျိုးဆက်များကို အများပြည်သူအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားရန် လိုအပ်သလို အစိုးရအနေဖြင့်လည်း အများပြည်သူ သိရှိနိုင်ရေး အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးနှင့် ပတ်သက်သည့် ဥပဒေရေးရာ၊ နိုင်ငံရေးရာနှင့် သံတမန်ရေးရာ အမြင်ရှု့ထောင့်များကို ထုတ်လွှင့်တင်ဆက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရခိုင်ပြည်နယ်သည် လက်နက်ကိုင် ပဋိပက္ခ္မများ ကြုံတွေ့နေရပြီး ထိုအခြေအနေတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံတကာ လက်ခံထားသည့် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ စံနှုန်းများ သွေဖည်နိုင်သည်ကို အငြင်းမပွားလိုသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူမျိုးပြုန်းတီးမှုနှင့် လူမျိုးပြုန်းတီးစေမှုများကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု မသတ်မှတ်နိုင်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ ချိုးဖောက် ကျူးလွန်မှုများကို ဥပဒေနှင့် အညီ အရေးယူမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စစ်ဘက်ဆိုင်ရာ တရားရေးစနစ်၊ အရပ်ဘက်ဆိုင်ရာ တရားရေးစနစ်များက ပြည်သူလူထု၏ အခွင့်အရေးကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရန် သန္နိဌာန် ချမှတ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားသည်။

“ဂမ်ဘီယာနိုင်ငံက တရားရုံးတော်ကို လျှောက်ထားခဲ့တဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေဟာ ကျွန်မတို့ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နတဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ICJ သို့ သွားရောက်ရင်ဆိုင်ရာတွင် ထောက်ခံအားပေးသူများနှင့် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတကာ ဥပဒေပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့ပြီး ကြားဖြတ် စီမံဆောင်ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် ICJ တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာ(၁၀)ရက်မှ (၁၂)ရက်အထိ နှစ်ဖက် အပြန်အလှန် လျှောက်လဲ ချက်များကို ကြားနာခဲ့သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်