ဗိုလ်ချုပ်အောင်ဆန်း၏ ပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူသစ်များ လွတ်လပ်ရေးနေ့တွင် စတင်ထုတ်ဝေမည်၊

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူသစ်များ ဆက်လက်ထုတ်ဝေဦးမည်ဟုဆို

MID News၊ ဒီဇင်ဘာ-၂၁

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူသစ်ကို လွတ်လပ်ရေးနေ့ ဖြစ်သည့် ၂၀၂၀ ဇန်နဝါရီ(၄)ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

ဗဟိုဘဏ်အနေဖြင့် အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံ ပါဝင်သော ငွေစက္ကူပုံစံသစ် အမျိုးမျိုးကို ထုတ်ဝေရန် ဆောင်ရွက်နေပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန်ပုံစံသစ် ငွေစက္ကူကို စတင်ထုတ်ဝေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသည် ပေါ်လွင်သော အပြာရောင်ရှိပြီး မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ကျောဘက်တွင် လွှတ်တော်အဆောက် အဦပုံ ပါရှိမည် ဖြစ်သည်။

တစ်ထောင်ကျပ်တန် ငွေစက္ကူသစ် ထပ်မံထုတ်ဝေမည်ဖြစ်သော်လည်း လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်ရေးနေ့တွင် စတင်ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူ/ Photo – MOI.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်