ကုန်စည်ဒိုင်သို့ လာရောက်သည့် နိုင်ငံခြားသားအများစုမှာ တရုတ်များဖြစ်ဟုဆို
ဘုန်းနေ၊ ဇန်နဝါရီ-၂၉
ဝူဟန်ရောဂါ ကူးစက်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် မန္တလေး ကုန်စည်ဒိုင်သို့ နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်ခြင်းကို ယာယီ တားမြစ် ပိတ်ပင်ထားကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယ ဥက္ကဌ ဦးမျိုးဆွေ က Mandalay In-depth News အား ပြောသည်။

မန္တလေးကုန်စည်ဒိုင်သို့ လာရောက်သည့် နိုင်ငံခြားသားအများစုမှာ တရုတ်ဧည့်သည်များ ဖြစ်ပြီး တရုတ်နိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်(2019-cNov ပြင်းထန်အဆုတ်ရောဂါ) ကို ကာကွယ်သည့် အနေဖြင့် ဇန်နဝါရီ(၂၇)ရက်မှ စတင်ကာ အထက်ပါအတိုင်း တားမြစ်ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“မန္တလေးမှာ ရက်ရှည်နေပြီး ပဲဝယ်တဲ့သူကိုတော့ ခွင့်ပြုထားတယ်။ ရက်တိုနေပြီး ခဏတဖြုတ်လာတဲ့သူ ကို ဝင်ခွင့် မပေးတာပါ။ လောလောဆယ်တော့ ဝင်ရောက်ခွင့် ပိတ်ထားဦးမယ်။ စိတ်ချရမယ့် အခြေအနေမှ ပြန်ဖွင့်မယ်” ဟု ဦးမျိုးဆွေက ပြောသည်။
ကုန်စည်ဒိုင်သို့ နိုင်ငံခြားသား ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းကြောင့် ဈေးကွက်အပေါ် ကြီးကြီးမားမား သက်ရောက်မည်မဟုတ်ဟု ယူဆကြောင်း မန္တလေးမြို့ခံ ပဲ၊နှမ်းကုန်သည် ဦးရဲမိုးအောင်က ပြောသည်။
“ဒီအပေါ်မှာတော့ ဈေးကွက်အပေါ် သက်ရောက်မှု မရှိဘူး။ အရင်တုန်းကလည်း ပဲ၊ နှမ်း ဝယ်တာ သူတို့ အဝယ်တော်တွေကနေ ဝယ်ပေးတာများတယ်။ အခုလို ရောဂါဖြစ်တဲ့ အချိန် ပိတ်ထားတာ ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် မန္တလေး ကုန်စည်ဒိုင်သို့ လာရောက်သည် ပဲ၊နှမ်း ကုန်သည်များကို ပြင်းထန် အဆုတ်ရောင်ရောဂါမှ အကာအကွယ်ဖြစ်စေရန်အတွက် နှာခေါင်းစည်း (Mask)များကို ယခုရက်ပိုင်းအတွင်း နေ့စဉ် ဖြန့်ဝေပေးလျက် ရှိသည်ဟု ကုန်စည်ဒိုင် ဒု-ဥက္ကဌ က ဆိုသည်။
မန္တလေးကုန်စည်ဒိုင်တွင် အရောင်းအဝယ် ပြုလုပ်သည့် ပဲ၊ နှမ်းအများစုမှာ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချခြင်း ဖြစ်သည်။
မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) သည် မန္တလေးမြို့၏ အကြီးဆုံး ကုန်စည်ဒိုင်တစ်ခုဖြစ်ပြီး နေ့စဉ် လူဦးရေ ထောင်ချီ လာရောက်ကာ ပဲ၊နှမ်းအရောင်းအဝယ် ပြုလုပ်လျှက် ရှိသည်။

မန္တလေး ကုန်စည်ဒိုင်/ Photo – Bhone Nay