မောင်မင်းမော်၊ မတ်လ-၂
ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့ ဖြစ်ပွားနေသည့် Covid-19 ကူးစက်မြန် ရောဂါကြောင့် မတ်လ(၂၇)ရက်တွင် နေပြည်တော်၌ ကျင်းပမည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ယမန်နေ့ မတ်လ(၁)ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာနိုင်ငံအချို့တွင် လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်(WHO)မှ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern)အဖြစ် ကြေညာခဲ့ခြင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ COVID-19 ရောဂါအား တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် အမိန့်ထုတ်ပြန်ခဲ့ခြင်းနှင့် လတ်တလော မြန်မာနိုင်ငံတွင် အဆိုပါ ကူးစက်ရောဂါ မတွေ့ရှိသေးသော်လည်း အခြားကမ္ဘာ့နိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ၌လည်း အလားတူ အခြေအနေမျိုး ကူးစက်ဖြစ်ပွားနိုင်သည့်အတွက် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် ကြေညာထားခြင်းတို့ကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား ခေတ္တဆိုင်းငံ့ထားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တပ်မတော်အနေဖြင့် မတ်လ၂၇ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံထားမည် ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်မှသာ စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံ ဆောင်ရွက်သွားရန် လျာထားကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြထားသည်။

ယခုနှစ် ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း (၇)ဦးကို ဖိတ်ကြားထားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ(၂၂)ရက်က နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများအား ပြောကြားထားသည်။

နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည့် (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား/ Photo – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(CINCDS).
#Mandalay_Indepth_News.