ဒေါက်တာဇော်မြင့်မောင် ကျန်းမာနေပြီး ရာထူးတာဝန် အလွှဲအပြောင်း ရှိမည်မဟုတ်ဟု ခေတ္တဝန်ကြီးချုပ်ဆို
ဒီဒါင်းမေ၊ ဇန်နဝါရီ-၁၅
ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေသော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့ရှိ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြီးခဲ့သည့် တနင်္လာနေ့က ဗွီဒီယိုကော (Video Call)ဖြင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“တနင်္လာနေ့က ကျွန်တော်တို့ ဝန်ကြီးအဖွဲ့ အားလုံးကို ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးက ဘန်ကောက်ကနေပြီးတော့ Video Call လုပ်ပြီးတော့ အစည်းအဝေး ထိုင်ပါတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က သူ ဒီမှာ မရှိသော်လည်းဘဲ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေကို အမြဲမပြတ် ဆောင်ရွက်လျှက် ရှိပါတယ်”ဟု ဦးဇာနည်အောင်က Mandalay In-depth News အား ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒု-ဥက္ကဌ နှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားသည့် အသက်(၆၉)နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် နာတာရှည်သွေးကင်ဆာရောဂါ ခံစားနေရသူ ဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံတွင် နှစ်လကျော်ကြာ နေထိုင်ကာ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။ ဒေါက်တာဇော်မြင့်မောင်သည် ရောဂါအခြေအနေအရ ပုံမှန်ဆေးဝါးကုသမှု ခံယူနေရပြီး ဇန်နဝါရီ(၄)ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ ထပ်မံသွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေပြီးနောက် လက်ရှိအချိန်ထိ မန္တလေးသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။
ဇန်နဝါရီ(၂၆)ရက်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်မည်ဖြစ်ရာ တိုင်းဝန်ကြီးချုပ် ရာထူးတာဝန် အလွှဲအပြောင်း ဖြစ်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိနေသော်လည်း ဦးဇာနည်အောင်က အဆိုပါ ခန့်မှန်းမှုများကို ငြင်းဆိုသည်။
“လွှဲမယ်ဆိုတာ မဟုတ်ပါဘူး။ ခေတ္တဝန်ကြီးချုပ်ပါပဲ” ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် တိုင်းလွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင်ခြေ ရှိ၊မရှိ အတိအကျ မသိရသေးသော်လည်း ကျန်းမာရေး ကောင်းမွန်လျှက် ရှိကြောင်း ၎င်းက ဆိုသည်။
“ကျန်းမာရေး ကောင်းပါတယ်။ ဆိုလိုတာက ဆေးကုသခံယူနေတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် သွားလိုက်ပြန်လိုက်ဆိုရင် ကျန်းမာရေးအတွက် မကောင်းသေးလို့ ဟိုမှာ နေတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါ” ဟု ဦးဇာနည်အောင်က ပြောသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေအရ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ မန္တလေးတိုင်း အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ခေတ္တဝန်ကြီးချုပ် တာဝန်ယူ လုပ်ကိုင်နေခြင်း ဖြစ်သည်။