မန္တလေး ရာဇာစိုး ငွေစုငွေချေးသမအသင်း ကျပ်သိန်း(၁၆၀၀၀၀)ခန့် ရှိသော အသင်းသားများ၏ အပ်နှံစုဆောင်းငွေများ ပြန်ထုတ်မပေးနိုင်သေးဘဲ ဖြစ်နေဟုဆို

ငွေစုသူအများစုမှာ ဆွမ်းလောင်းအသင်း၊ သံဃာများနှင့် အငြိမ်းစားဝန်ထမ်းများ ဖြစ

ဒီဒါင်းမေ၊ မတ် ၂၆

ငွေရေးကြေးရေး ပြူနာဖြစ်ပေါ်နေသည် ဟုဆိုသော မန္တလေးမြို့ ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်း လီမိတက်တွင် ရိပ်သာ၊ ဘုံဆွမ်းလောင်းအသင်းနှင့် အငြိမ်းစားဝန်ထမ်း စသည့် အသင်းသားများ၏ စုဆောင်းအပ်နှံငွေ ကျပ်သိန်းပေါင်း တစ်သိန်းခြောက်သောင်းကျော်အထိ ရှိနိုင်ကြောင်း အသင်းသားများက ခန့်မှန်းသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အနေဖြင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ငွေရေးကြေးရေး ပြူနာများ ပေါ်ပေါက်နေပြီး အသင်းသားများ၏ စုဆောင်းငွေများ ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေရာ စုဆောင်းငွေများ ဆုံးရှုံးနစ်နာမည်ကို စိုးရိမ်ကြောင်း အသင်းသားများက ယခုလဆန်းတွင် သတင်းစာရှင်းလင်းပွဲတွင် ကျင်းပကာ ပြောသည်။

ရာဇာစိုး ငွေစုငွေချေးအသင်းကို ၁၉၉၅တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါအသင်းတွင် ငွေစုပါက တစ်လလျှင် အတိုးတစ်ကျပ်ခွဲ ရရှိပြီး ယင်းအသင်းထံမှ ငွေချေးပါက အတိုးနှစ်ကျပ်ခွဲနှုန်း ပေးဆောင်ရကြောင်း၊ အသင်းအနေဖြင့် ၂၀၁၈အထိ စုဆောင်းငွေ၊ ချေးငွေများနှင့်ပတ်သက်၍ အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း အသင်းသားများက ပြောသည်။

ရာဇာစိုး ငွေစုငွေချေးအသင်းတွင် အသင်းဝင် အသင်းသား (၂၇၀၀)ဝန်းကျင်ရှိသည်ဟု ဆိုသည်။ အဆိုပါ အသင်းတွင် ငွေကြေးစုဆောင်းသူများမှာ စာသင်တိုက်၊ တရားရိပ်သာ၊ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးရှိ သံဃာတော်များ ပါဝင်သော သံဃာထု၊ ရပ်ကွက်ဘုံဆွမ်းလောင်း အသင်းများ၊ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများနှင့် အခြားအသင်းသားများဟူ၍ အလွှာ (၄) လွှာရှိကြောင်း အသင်းသား ဒေါ်နှင်းနှင်းဝေက ပြောသည်။

ရာဇာစိုး ငွေစုငွေချေး သမအသင်း၏ အလုပ်အမှုဆောင် (၉) ဦးအနက် (၃)ဦး ထွက်ပြေးတိမ်းရှောင်သည့် သဘော ဖြစ်ခဲ့ပြီး ဖေဖေါ်ဝါလဆန်းပိုင်းက အသင်းရုံးကိုလည်း ပိတ်ထားခဲ့ကြောင်း အသင်းသားများက ပြောသည်။

အသင်းတွင် ငွေစုဆောင်းထားသူများက စုငွေများ ပြန်လည်ထုတ်ယူမှု များပြားပြီး ငွေချေးယူထားသူများက ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ရာဇာစိုး ငွေစုငွေချေးအသင်း၏ ငွေကြေးလည်ပတ်မှု ရပ်တန့်ခဲ့ရပြီး စုငွေများ ပြန်လည်ငွေထုတ်ပေးမှု ရပ်တန့်ထားခဲ့သည်ဟု အသင်းသားများက ဆိုသည်။

အသင်းသားများ၏ စုငွေ၊ချေးငွေများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကျန်ရှိနေသေးသည့် အသင်းအလုပ်အမှုဆောင်များနှင့်အတူ  အသင်းသားအချို့ ပါဝင်သည့် ယာယီကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းကာ အသင်းရုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ငွေကြေးပြဿနာများ ဖြေရှင်းပေးနိုင်ရန် စီစဉ်လုပ်ဆောင်နေကြောင်း ချမ်းမြသာစည်မြို့နယ်၊ သမဝါယမဦးစီးဌာနက ဦးစီးအရာရှိ ဦးမျိုးဝင်းအောင်က ဖေဖေါ်ဝါရီလဆန်းက Mandalay In-depth News အား ပြောကြားထားသည်။

ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းရုံးကို ဖေဖေါ်ဝါရီလဆန်းက တွေ့ရစဉ်/ Photo – Mandalay In-depth News.
ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းရုံးကို ဖေဖေါ်ဝါရီလဆန်းက တွေ့ရစဉ်/ Photo – Mandalay In-depth News.

ထို့အပြင် အသင်းသားများ၏ စုဆောင်းငွေများ မဆုံးရှုံးစေရေး သမဝါယမဦးစီးဌာနနှင့် ညှိနှိုင်းကာ အသင်းပိုင် အသင်းရုံး အဆောက်အဦး၊ တခြားမြေကွက် ၄ ကွက်နှင့် light truck ယာဉ်များကို ရောင်းချကာ ဖြေရှင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်း ဒါရိုက်တာအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရာဇာစိုး ငွေစုငွေချေးအသင်းတွင် ပေါ်ပေါက်နေသည့် ငွေကြေးပြဿနာများနှင့် ပတ်သက်၍ မြို့နယ်သမဝါယမ ဦးစီးဌာန တာဝန်ရှိသူများ ပါဝင်သည့် ယာယီကြီးကြပ်ရေး ကော်မတီက ဖြေရှင်း ဆောင်ရွက်ပေးနေဟု ဆိုသော်လည်း နှစ်လနီးပါးကြာသည် အထိ ပြေလည်မှု မရှိသေးဟု အသင်းသားများက ဆိုသည်။

ထို့အပြင် ယာယီကြီးကြပ်ရေး ကော်မတီအနေဖြင့် စုံုစမ်းစစ်ဆေးနေသည့် အကြောင်းအရာ၊ အသင်းသားများ၏ နစ်နာမှုအတွက် တရားဝင် ထုတ်ပြန်ခြင်းများ မရှိသည့်အတွက် စုဆောင်းငွေများ ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း အသင်းသား ဦးမြင့်ထူးက ပြောသည်။

အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေသည့်စစ်ဆေးချက်များကို တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြထား ကြောင်း၊ ပထမအဆင့်အနေဖြင့် အသင်းပိုင်ပစ္စည်းများကို လေလံတင်ရောင်းချပြီးပါက ဒုတိယအဆင့်၊ တတိယအဆင့်များ ရှိသေးသည့်အတွက် အသင်းသားများ မစိုးရိမ်ကြရန် မန္တလေးတိုင်း၊ သမဝါယမ ဦးစီးဌာန တိုင်းဦးစီးမှူးက အသင်းသားအချို့ကို ပြောကြားထားကြောင်း အသင်းသားဦးမြင့်ထူးက ပြောသည်။

ရာဇာစိုး ငွေစုငွေချေး သမအသင်းတွင် စုဆောင်းထားသည့် ငွေကြေးများမှာ အများလှူဒါန်းငွေနှင့် ပရဟိတ ရန်ပုံငွေများ ဖြစ်ပြီး ယင်းငွေများ ပြန်လည်ရရှိခြင်း မရှိသေး၍ အခက်တွေ့နေရကြောင်း ရာဇာစိုးငွေစုငွေချေး အသင်းသားတစ်ဦးဖြစ်သူ မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက်မှ အရှင်အရိယာဝံသက မိန့်ကြားသည်။

“တချို့ဆရာတော်တွေမှာဆိုရင် ပညာရေး ပဒေသာပင်တွေ၊ ဆွမ်းပဒေသာပင်တွေ၊ ကျန်းမာရေး ပဒေသာပင်တွေ၊ ရေမီတာ၊ မီးမီတာ ပဒေသာပင်တွေ ဖြစ်ပါတယ်။ ရာဇာစိုး ငွေစုငွေချေးမှာ အပ်နှံထားတော့ နည်းနည်းလေးများ အဆင်ပြေပြေဆိုပြီး ဆရာတော်တို့က အပ်နှံထားတာ ဖြစ်ပါတယ်။ ခုလို ရာဇာစိုး ငွေစုငွေချေးက ငွေကြေးကမောက်ကမ ဖြစ်တယ်။ ငွေကြေးပြူနာ ဖြစ်လိုက်တဲ့အခါကျတော့ ဒီဆရာတော် သံဃာတော်များမှာ သံဃိက(သံဃာသို့ လှူဒါန်းထားသော) ငွေတွေ ဆုံးရှုံးနစ်နာရတာ ဖြစ်ပါတယ်။ နောက်တစ်ချက် ပြောရမယ်ဆိုရင် တချို့တချို့ ဆရာတော်တွေများမှာ ပရဟိတဆေးခန်းတွေ ပရဟိတကျောင်းတွေ ဖွင့်ထားတာရှိတယ်။ အခုလို ငွေကြေးပြဿနာ ပေါ်လိုက်တော့ ပရဟိတဆေးခန်းတွေရော ပရဟိတကျောင်းတွေအားလုံး ဒုက္ခရောက်ကြရတယ်” ဟု အရှင်အရိယာဝံသက မိန့်ကြားသည်။

ရာဇာစိုး ငွေစုငွေချေး သမအသင်း တာဝန်ရှိသူများနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် အသင်းသားများနှင့် တွေ့ဆုံညှိနှိုင်းကာ အသင်းသားများ အပ်နှံစုဆောင်းငွေများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း အသင်းသားများက ပြောသည်။

“ဒီဟာ လုပ်သွားတာကတော့  အတော်ကို စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ လုပ်သွားတယ်လို့ ကျွန်တော်က တော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှုံးပေါ်နေရင် အသင်းကို ဘာဖြစ်လို့ ဆက်လည်ပတ်စရာလိုလဲ။ ရပ်ပေါ့။ ဘယ်လောက်ရှုံးနေသလဲ။ ရှုံးတဲ့အသင်းသားတွေ မျှခံဖို့ သဘောတူညီမှု ယူရမှာပေါ့။ အဲ့လို မဟုတ်ဘဲနဲ့ မတရားသဖြင့်ကြီး  ဒီနေ့ကျမှ မပေးနိုင်လောက်အောင် အခြေအနေဖြစ်ပြီးမှ လုပ်သွားတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး” ဟု အသင်းသားတစ်ဦးဖြစ်သူ နိုင်ငံ့ဝန်ထမ်း ဦးမြင့်သိန်းက ပြောသည်။

အဆိုပါ အသင်းတွင် ငွေစုသူများမှာ တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ ကျပ်သိန်းရာချီအထိ ထည့်ဝင်စုဆောင်းကြသည်ဟု ငွေစုသူများက ဆိုသည်။

ရာဇာစိုးငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဌကိုယ်စား အသင်းဒါရိုက်တာအဖွဲ့က ဖေဖော်ဝါရီ(၂)ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ချေးငွေပေးဆပ်ရန် ပျက်ကွက်ခြင်း၊ ဝန်ခံကတိ လက်မှတ်ထိုးထားသူများကို အသင်းပိုင်ငွေများ အမြန်ဆုံး ပြန်လည်ရရှိရန် လိုက်လံတောင်းယူပြီး အသင်းသားများအား ပြန်လည်ထုတ်ပေးနိုင်ဖို့အတွ စီစဉ်နေကြောင်းနှင့် အသင်းသားများအနေဖြင့် ခေတ္တခဏစောင့်ဆိုင်းပေးပါရန် ပန်ကြားထားသည်။

ရာဇာစိုး ငွေစုငွေချေး သမအသင်းတွင် ဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ချမ်းမြသာစည်မြို့နယ် သမဝါယမ ဦးစီးဌာန တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းရုံးကို ဖေဖေါ်ဝါရီလဆန်းက တွေ့ရစဉ်/ Photo – Mandalay In-depth News.

ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းရုံးကို ဖေဖေါ်ဝါရီလဆန်းက တွေ့ရစဉ်/ Photo – Mandalay In-depth News.

#Mandalay_Indepth_News #မန္တလေးအင်းဒက်ပ်

#ရာဇာစိုးငွေစုငွေချေးသမအသင်း #သမဝါယမဦးစီးဌာန

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်