မန္တလေးတိုင်းတွင်လည်း ကျပ်သိန်း(၅၀၀၀)ခန့် လက်ခံရရှိထား
Mandalay In-depth News၊ မတ်-၂၅
Covid-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အများပြည်သူ အလှူရှင်များ၏ လှူဒါန်းမှု ကျပ်သိန်း(၁၆၀၀၀)ခန့် လက်ခံရရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ယနေ့ မတ်လ(၂၄)ရက်အထိ Covid-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ အလှူရှင်များမှ လှူဒါန်းမှု ငွေသား ကျပ်သိန်း(၁၅,၀၀၀)ခန့်၊ အမေရိကန်ဒေါ်လာ (၁၇,၅၀၀) လက်ခံရရှိထားသလို အသက်ရှူစက် (၃၉) လုံး၊ Thermal Scanner (၄)လုံး၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (၈,၀၀၀)ခန့် အပါအဝင် ဆေးနှင့်ဆေးပစ္စည်း တန်ဖိုး ငွေကျပ်သိန်းပေါင်း (၁၆,၀၀၀) ခန့် ကို လက်ခံရရှိခဲ့ကြောင်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ယနေ့ နေပြည်တော်၌ ကျင်းပသည့် အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
“COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးကြပ်မတ် ကုသဆောင်များ၏ လိုအပ်ချက်များကိုလည်း ပံ့ပိုးနိုင်မည်ဖြစ်သဖြင့် ရေရှည်တွင် ပြည်သူများအတွက် အလွန်အကျိုးရှိပါကြောင်း”ဟု အထက်ပါ လှူဒါန်းမှုများနှင့် ပတ်သက်၍ ဝန်ကြီးက ပြောသည်။
တချိန်တည်းမှာပင် မန္တလေးတိုင်း အစိုးရအဖွဲ့အနေဖြင့်လည်း Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အများပြည်သူ အလှူရှင်များမှ ငွေသားအပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှု စုစုပေါင်း ကျပ်သိန်း(၅၀၀၀)ခန့် လက်ခံရရှိထားသည်ဟု တိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“တစ်ဖွဲဖွဲနဲ့ လာလှူနေကြတာ။ အခုလည်းလာလှူနေတုန်းပဲ” ဟု မန္တလေးတိုင်းအစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မတ်လ(၂၄)ရက် ညနေပိုင်းက သတင်းမီဒီယာများသို့ ပြောသည်။

Covid-19 ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်းနှင့် စေတနာရှင်ပြည်သူများမှလည်း တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းကြရန် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ(၁၆)ရက်တွင် ပြောကြားသည်။
ထို့နောက် မတ်လ(၁၈)ရက်တွင် နိုင်ငံတော် အစိုးရမှ ကျပ်ဘီလီယံ (၁၀၀)မတည်ကာ Covid-19 Fund အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထူထောင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
စေတနာရှင် ပြည်သူများမှ ပြည်ထောင်စုအဆင့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံများသို့လည်း ငွေသား၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းလျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ဝန်ကြီးဌာနမှ COVID-19 အတွက် ဝယ်ယူထားသည့် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများနှင့် လှူဒါန်းလက်ခံရရှိသည့် တစ်ကိုယ်ရည် ရောဂါကာကွယ်ရေး ဝတ်စုံများအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ လိုအပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လိုအပ်သည့် ဆေးရုံများသို့ အမြန်ဆုံး ဆက်လက်ဖြန့်ဝေပေး သွားမည်ဟု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုရန် လှူဒါန်းစဉ်/ Photo – Ministry of Health and Sports, Myanmar
#Mandalay_Indepth_News