မောင်မင်းမော် ၊ ဇန်နဝါရီ-၁၅
နေ့စဉ် ယာဉ်အစီးရေ ထောင်နှင့်ချီကာ ဖြတ်သန်းသွားလာနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျောက် (၅)ရက်ဆက် ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း မရှိသဖြင့် မင်္ဂလာရှိသော နေ့ရက်များ အဖြစ် စံချိန်တင်မှတ်တမ်းဝင်ခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးဇာနည်မောင်က ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျောက် ဇန်နဝါရီ(၁၀)ရက်မှ (၁၄)ရက်အထိ ယာဉ်မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု လုံးဝကင်းစင်ခဲ့ကြောင်း ရဲမှူးဇာနည်မောင်က Mandalay In-depth News အား ပြောသည်။
အမြန်လမ်းတလျောက် ယခင်ကလည်း ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းမရှိသည့် နေ့ရက်များ ရှိခဲ့သော်လည်း တစ်ရက်ခြား၊ နှစ်ရက်ခြားဆိုသလို ယာဉ်မတော်တဆမှုများ ဖြစ်ပွားပြီး ယခုကဲ့သို့ (၅)ရက်ဆက် အန္တရာယ်ကင်းသည့် ဖြစ်ရပ်မျိုးမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ စစ်တမ်းလို အခုနေက်ပိုင်း လုပ်တာမှာ ဒါက ပထမဆုံးပေါ့။ အရင်ရှေးတွေမှာတော့ အဲ့လိုမျိုးတွေ မရှိဖူးဘူး”ဟု ရဲမှူးဇာနည်မောင်က ပြောသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းမရှိသည့် အထက်ပါ နေ့ရက်များအား အမြန်လမ်းရဲတပ်ဖွဲ့မှ မင်္ဂလာရှိသော နေ့ရက်များအဖြစ် မှတ်တမ်း တင်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျောက်တွင် နေ့စဉ် ယာဉ်အစီးရေ သုံးထောင်ကျော် ဖြတ်သန်းသွားလာနေပြီး ခရီးသွားလာမှု ပိုများသည့် ရုံးပိတ်ရက်များတွင် ယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွားသည်။ အမြန်လမ်းတလျောက် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များအား စိစစ်သုံးသပ်ရာတွင် လူ၊ ယာဉ်၊ လမ်းနှင့် ရာသီဥတုအခြေအနေ စသည့် လေးမျိုးအနက် ယာဉ်မောင်းသူကြောင့် ပိုမိုဖြစ်ပွားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ဆယ်ရက်တာအတွင်း အမြန်လမ်းတလျောက် ယာဉ်မတော်တဆမှု (၈)မှု ဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၉ တစ်နှစ်တာအတွင်း ရန်ကုန်-မန္တလေး အမြန်းလမ်းမကြီးတလျောက် ယာဉ်မတော်တဆမှု (၅၂၁)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၀၆)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၀၀၀)ကျော်ရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။