အောင်သပြေရွာ ဒေသခံများကို ရဲက နှစ်ကြိမ်ဝင်ဖမ်းပြီး အရပ်ဝတ်ဖြင့် ဝင်ဖမ်းစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်

ကလေးငယ်(၅)ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်ပြီး ရွာသူ၊ရွာသား(၁၀)ဦးကို ဖမ်းဆီးထား

မောင်မင်းမော်၊ မတ်-၂၅

အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အမှုဖွင့်ထားသည့် မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဒေသခံများကို ရဲတပ်ဖွဲ့က မတ်လ(၂၄)ရက် ညပိုင်းနှင့် ယနေ့ မတ်လ(၂၅)ရက် နံနက်ပိုင်းတွင်  နှစ်ကြိမ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သေနတ်ပစ်ဖောက်မှု များ ဖြစ်ပွားခဲ့သည်။

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သ‌ပြေကျေးရွာမှ ဦးရွှေအုန်းအပါအဝင် ရွာသူရွာသားများကို ယနေ့ နံနက်(၅)နာရီကျော်အချိန်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒဟတ်တောကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူး ဦးခင်မောင်လွင်က Mandalay In-depth News အား ‌ပြောသည်။

ထိုသို့ ဖမ်းဆီးခဲ့သူများတွင် ကျောင်းသားအရွယ် ကလေး(၅)ဦး ပါဝင်ပြီး ၎င်းတို့ကို မိဘအုပ်ထိန်းသူများ မရှိ၍ ခေါ်ဆောင်လာခြင်းဖြစ်‌ကာ ယခုအခါ အဆိုပါ ကလေး(၅)ဦးကို ကျေးရွာရှိ ဆွေမျိုးများထံ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

အမှုဖွင့်ထားသည့် အောင်သပြေဒေသခံ ဦးရွှေအုန်းအား ယမန်နေ့ မတ်လ(၂၄)ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချို့ အရပ်ဝတ်များဖြင့် ဝင်‌ရောက်ဖမ်းဆီခဲ့ရာ ရွာသားများမှ ပုလင်းများဖြင့် ပစ်ပေါက်ကာ ပြန်လည်ခုခံသဖြင့် မအောင်မြင်ခဲ့ဘဲ ယနေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံဝင်ရောက် ဖမ်းဆီးခဲ့‌ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယမန်နေ့ညက ဦးရွှေအုန်းကို ဝင်ရောက်ဖမ်းဆီရာတွင် ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်ကြသဖြင့် နှစ်ဖက် ဒဏ်ရာရရှိမှုများ ရှိသည်ဟု ဦးခင်မောင်လွင်က ဆိုသည်။ ယခု ဖမ်းဆီးထားသည့် ကျေးရွာသား(၁၀)ဦးတွင် ဖမ်းဝရမ်း ထုတ်ထားခြင်း မရှိသူများလည်း ပါဝင်ပြီး ၎င်းတို့သည် ဦးရွှေအုန်းကို ဖမ်းဆီစဉ် ရဲတပ်ဖွဲ့အား ပြန်လည်ခုခံသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ညဦးလောက်ကတော့ ဦးရွှေအုန်းကို ဝင်ဖမ်းတုန်းကတော့ ရဲတွေလည်း ဆုတ်ပြေးလာတယ်နဲ့ တူပါတယ်။ ဆိုင်ကယ်‌တွေလည်း ကျန်ခဲ့တယ်။ မနက်လင်းပိုင်းလေးမှာ တစ်ခါ ဝင်ဖမ်းတာ။ ဝရမ်းမထုတ်ထားတဲ့ သူတွေလည်း ပါတာပေါ့။ ခုလက်ရှိ ဖမ်းတဲ့ချိန်မှာ ပစ်ကြခတ်ကြရင်းနဲ့ ဖမ်းတဲ့သူတွေလည်း ပါတာပေါ့”ဟု ဦးခင်မောင်လွင်က ပြောသည်။

၂၀၁၉ မေလက အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်/ Photo – Mg Min Maw

အောင်သပြေရွာသား  ဦးရွှေအုန်း ဖမ်းဆီးခြင်း မခံရသေးမီ ယမန်နေ့ညက ၎င်းထံ Mandalay In-depth Newsမှ ဆက်သွယ်မေးမြန်းခဲ့ရာ အရပ်ဝတ်ဖြင့် လူများက သေနတ်ဖြင့် လာရောက်ပစ်ခတ်သည်ဟု ဦးရွှေအုန်းက ပြောသည်။

 မတ်လ(၂၄)ရက် ည(၉)နာရီခန့်က ၎င်း နေအိမ်၌ရှိ‌နေစဉ် အရပ်ဝတ်ဖြင့် လူတစ်စုမှ ဆိုင်ကယ်(၅)စီးခန့်ဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ကြောင်းနှင့် ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ၎င်း၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သလို ရွာသူရွာသားအချို့မှ ပုလင်းများဖြင့် ပြန်လည်ပစ်‌ပေါက်သဖြင့် အဆိုပါ လူတစ်စု ထွက်‌ပြေးသွားပြီး ဆိုင်ကယ်နှစ်စီး ကျန်ရစ်ခဲ့ကြောင်း ဦးရွှေအုန်းက Mandalay In-depth News အား ပြောသည်။

ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သူများသည် ရဲတပ်ဖွဲ့ဝင်များ မဖြစ်နိုင်ဘဲ ရွာသူရွာသားများက ပြန်လည်ခုခံသဖြင့် ထွက်‌ပြေးသွားကာ ဘိလပ်မြေစက်ရုံ စီမံကိန်းဝင်းအတွင်းသို့ ဝင်ရောက်သွားသည်ဟု ဦးရွှေအုန်းက ဆိုသည်။

“သူတို့ကို ပေးထားတဲ့ ဖောက်တဲ့ သေနတ်တွေပေါ့ဗျာ။ ကျွန်တော့်ကို အဲ့ဒီ‌သေနတ်တွေနဲ့ ပစ်သွားတယ်ဗျ။ ကျွန်တော်တို့ ရွာကဝိုင်းလို့ ထွက်သွားပါတယ်ခင်ဗျ။ ရဲမပါဘူး ၊ ရဲမတွေ့ရပါဘူးခင်ဗျ။ ရိုးရိုး အရပ်ဝတ်တွေနဲ့ပါ။ သူတို့ဝတ်ထားတဲ့ အင်္ကျီ ဆိုင်ကယ်ပေါ်မှာ ကျန်ခဲ့ပါတယ်ခင်ဗျ”ဟု ဦးရွှေအုန်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် အောင်သပြေရွာသား (၁၀)ဦးကို ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ မေလအတွင်းက အောင်သပြေကျေးရွာအနီး တည်ဆောက်မည့် တစ်နေ့ တန်(၅၀၀၀)ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံကျေးရွာသား တစ်ရာကျော်က လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်စဉ်အတွင်း ဒေသခံများက စက်ရုံစီမံကိန်းအတွင်း ဝင်ရောက်ကာ မီးရှိူ့ဖျက်ဆီးခဲ့ရာ စက်ရုံ အဆောက်အဦးနှင့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့သည်။ အဆိုပါ မီးရှို့ဖျက်ဆီးမှုနှင့်ပတ်သက်၍ အောင်သပြေဒေသခံအချို့ကို အမှုဖွင့် ဖမ်းဆီးပြီး ပုသိမ်ကြီးမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ယင်းအမှုတွဲမှ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ) ကိုထွန်းမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး သုံးရက်အကြာ ပြီးခဲ့သည့် ၂၀၁၉ ဇွန်လဆန်းက မန္တလေးအိုးဘိုထောင်အတွင်း၌ သေဆုံးခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ၂၀၁၉ ဇွန်လကတည်းက ဖမ်းဆီးခံထားသည့် အောင်သပြေကျေးရွာသား (၅)ဦးကို ထောင်ဒဏ်(၅)နှစ်စီ ကျခံစေရန် ယခုလ (၂၀)ရက်တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အောင်သပြေကျေးရွာအနီး တည်ဆောက်မည့် အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်းသည် ကျေးရွာနှင့် အလွန်နီးကပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများများ၏ လူမူဘဝအပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟုဆိုကာ အောင်သပြေကျေးရွာ ဒေသခံအချို့က ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်လျှက်ရှိသည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သလို အောင် သပြေကျေးရွာမှ ဒေသခံအချို့ အမှုဖွင့် တ ရားစွဲဆို ခံထားရသည်။

အောင်သပြေရွာသား (၁၀)ဦးကို ဝင်ရောက်ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း ဆက်သွယ်မရပါ။

၂၀၁၉ မေလက အေယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်/ Photo – Mg Min Maw
၂၀၁၉ မေလက အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်/ Photo – Mg Min Maw

၂၀၁၉ မေလက အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်/ Photo – Mg Min Maw

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်