နိုင်ငံခြားသား အားလုံး ဧပြီလကုန်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပိတ်

Mandalay In-depth News၊ မတ်-၂၉

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ယနေ့ မတ်လ(၂၉)ရက်မှ စတင်ကာ ပြည်ဝင်ဗီဇာထုတ်ပေးတော့မည် မဟုတ်ဘဲ ဧပြီ(၃၀)ရက်အထိ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။

ယနေ့ မတ်လ(၂၉)ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်း ရပ်ဆိုင်းကြောင်း ကြေညာချက်တွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှု့လျှက် အထက်ပါ အတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ(၂၀)ရက်က ဆိုက်ရောက်ဗီဇာ (Visa On Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-Visa) ထုတ်ပေးခြင်းများ  ယာယီ ရပ်ဆိုင်းခဲ့ပြီးနောက် ယခု ဆယ်ရက်အကြာတွင် နိုင်ငံခြားသားများအားလုံး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာ ထုတ်ပေးမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်တွင် နိုင်ငံခြားသားအားလုံး (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ၊ သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများမှ လွဲ၍) လူမှုရေးဗီဇာ အပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း၊ အာဆီယံနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့် ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီ ရပ်ဆိုင်းခြင်းဟု ဖော်ပြထားသည်။

သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ (၇၂)နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ကာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ နေအိမ်တွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်မည်ဟု ဆိုသည်။

ထို့အပြင် မလွှဲမရှောင်သာသော ကိစ္စရပ်ဖြင့် လာရောက်ရန်ရှိပါကမူ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မတ်လ(၂၈)ရက်အထိ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ (၈)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားသည်။ အဆိုပါ COVID-19 ရောဂါ ကူးစက်ခံရသူ (၈)ဦးတွင် နိုင်ငံခြားသူတစ်ဦး၊ ပြင်သစ်ဧည့်လမ်းညွှန်တစ်ဦးနှင့် ကျန်(၆)ဦးမှာ အမေရိက၊ အင်္ဂလန်၊ သြစတြေးလျ စသည့်နိုင်ငံများမှ ဝင်ရောက်လာသူများ ဖြစ်သည်။

Photo – ministry of foreign affairs myanmar

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်