မန္တလေးတွင် သမီးရည်းစားကိစ္စနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

သူရိန်မင်း၊ မတ်-၁၂

မန္တလေးတွင် သမီးရည်းစားကိစ္စနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှု မတ်လ(၁၁)ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် လမ်း၇၀နှင့် ၂၈လမ်းထောင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) အနီးတွင် ဖြစ်ပွားခဲ့သည်။

အသက်(၁၉)နှစ်အရွယ် တတိယနှစ် ကျောင်းသားတစ်ဦးနှင့် အခြားလူငယ် လေးဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရကာ ကားမှန် ရိုက်ခွဲ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ တတိယနှစ် ကျောင်းသားသည် ၎င်း၏ ရည်းစားဖြစ်သူ မိန်းကလေးနှင့် ပတ်သက်၍ အသက်(၂၃)နှစ်အရွယ် မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးကို အွန်လိုင်းမှ စိန်ခေါ်ချိန်းဆိုရာမှ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တတိယနှစ် ကျောင်းသားက စိန်ခေါ်သဖြင့် အသက်(၂၃)နှစ်အရွယ်ကုမ္ပဏီဝန်ထမ်း အမျိုးသားနှင့် သူငယ်ချင်းများဖြစ်သည့် အသက်(၁၇)၊ (၂၀)နှင့် (၂၁)နှစ်အရွယ် အမျိုးသားတို့သည် ကားတစ်စီးဖြင့် သွားရောက်ခဲ့ကြောင်း၊ ချမ်းအေသာစံမြို့နယ် ၂၈လမ်းနှင့် လမ်း၇၀ထောင့်ရှိ အအေးဆိုင်တွင် တတိယနှစ်ကျောင်းသားနှင့် တွေ့ဆုံရာ စကားများ ရန်ဖြစ်ရာမှ လက်သီးဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်၊ ဖန်ခွက်ဖြင့် ရိုက်သဖြင့် တတိယနှစ်ကျောင်းသားတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထို့နောက် လူငယ်လေးဦး ကားဖြင့်အပြန်တွင် ကားစက်နှိုးမရသဖြင့် အခြားကျောင်းသားများ အုပ်စုလိုက်ရောက်လာပြီး ခဲ၊တုတ်များဖြင့် ရိုက်သဖြင့် အသက်(၂၃)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသားတွင် ထိခိုက်ဒဏ်ရာ ရရှိပြီး ကားရှေ့မှန် ကွဲအက်ခဲ့ကြောင်၊ လူငယ်များမှာ ကားကိုထားခဲ့ကာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းက ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်သူအချို့ကို ခေါ်ယူစစ်ဆေးကာ ညှိနှိုင်းဖြေရှင်းလျှက်ရှိကြောင်း သတင်းရရှိသည်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် မှန်ကွဲ ပျက်စီးခဲ့သည့်ကားကို တွေ့ရစဉ်/Photo – သူရိန်မင်း

#Mandalay_Indepth_news

#Mandalay_Crimes_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်