COVID-19 သံသယလူနာများ တွေ့ရှိလာပါက သီးခြားထားရှိနိုင်ရန် မန္တလေးရှိ နဒီမြန်မာဟိုတယ်ကို အသင့်ပြင်ဆင်

မောင်မင်းမော်၊ မတ်- ၁၃

COVID-19 ရောဂါနှင့် ပတ်သက်၍ သံသယလူနာများ တွေ့ရှိလာပါက သီးခြားထားရှိနိုင်ရန်အတွက် မန္တလေးမြို့ ၆၂လမ်းပေါ်ရှိ နဒီမြန်မာဟိုတယ်ကို အသင့်ပြင်ဆင် ထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

COVID-19 ရောဂါ သံသယလူနာများ တွေ့ရှိလာပါက အထွေထွေရောဂါကု ဆေးရုံများတွင် မထားဘဲ သီးသန့်ထားရှိရန် နေရာလိုအပ်လာနိုင်၍ လက်ရှိတွင် ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေခြင်း မရှိသည့် နဒီမြန်မာဟိုတယ်ကို အသင့်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မလုံလောက်ဘူးဆိုရင် ဆောင်ရွက်နိုင်အောင်အတွက်ကို လုပ်ငန်းဆောင်ရွက်ခြင်း မရှိ‌တော့တဲ့ နဒီမြန်မာဟိုတယ်ကိုလည်းပဲ ပြင်ဆင်ထားဖို့ ဆိုတာတွေကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

.        

မတ်(၁၂)ရက် ညပိုင်းက မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် COVID-19 ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်ကော်မတီ (SRT)  ညှိနှိုင်းအစည်းအဝေးတွင် အဆိုပါ ဟိုတယ်အား လိုအပ်ပါက သံသယလူနာများ သီသန့်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် မန္တလေးမြို့၌ COVID-19 သံသယလူနာများအတွက် သီးသန့်ထားရှိရန် ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံနှင့် ကမ်းနားလမ်းရှိ ယခင်ရှိပြီးသား ကူးစက်ရောဂါကု ဆေးရုံးများ ရှိသော်လည်း လိုအပ်လျှင် သီးသန့်ထားရှိရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂လမ်းပေါ်ရှိ နဒီမြန်မာဟိုတယ်သည် မန္တလေးမြို့တော် စည်ပင်ပိုင် ဟိုတယ်တစ်လုံး ဖြစ်သည်။ မြေအကျယ် (၃)ဧကကျော်ပေါ်တွင် တည်ရှိပြီး လေးထပ် အဆောက်အဦးဖြစ်သည်။ လေးထပ် အဆောက်အဦးဖြစ်သည်။ လက်ရှိတွင် အဆိုပါ မြေနေရာ၌ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိတော့ဘဲ နိုင်ငံတကာအဆင့်မီ တည်ဆောက်ရေး စီမံကိန်းအဖြစ် ပြန်လည် အကောင်ထည်ဖော် တည်ဆောက်မည်ဟု မန္တလေးမြို့တော်စည်ပင်မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါ ကူးစက်ခံရသူ တစ်ဦးမျှ မတွေ့ရသေးဘဲ ပြည်သူများ စိုးရိမ်စိတ် မလွန်ကဲရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားအသိပေးချက်များကို အလေးထားလိုက်နာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ယနေ့ မတ်လ(၁၃)ရက်မှ ဧပြီလကုန်အထိ နှစ်ကူးသြင်္ကန်ပွဲ မဏ္ဍပ်ကြီးများ ဆောက်လုပ်ခြင်း အပါအဝင် လူစုလူစေးနှင့် ပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးကလည်း ယနေ့ မတ်လ(၁၃)ရက်တွင် ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ(၁၂)ရက် ည(၈)နာရီထုတ်ပြန်ချက်အရ မန္တလေးတိုင်း ဒေသကြီးအတွင်း Covid-19 ရောဂါ စောင့်ကြည့် လူနာ (၁၅)ဦးရှိခဲ့ပြီး ရောဂါပိုး စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးပေ။

တစ်နိုင်ငံလုံးတွင် ဇန်နဝါရီလကုန်ပိုင်းမှ မတ်လ(၁၂)ရက် ညပိုင်းအထိ Covid-19 ရောဂါ သံသယလူနာ(၂)ဦး အပါအဝင် စောင့်ကြည့်လူနာ (၁၀၄)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရှိသူ (၈၈)ဦး၊ ဓါတ်ခွဲရလဒ် စောင့်ဆိုင်းဆဲ (၈)ဦးနှင့် ဓါတ်ခွဲနမူနာ ရယူ၍ စစ်ဆေးရန် ဆောင်ရွက်ဆဲ (၈)ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နဒီမြန်မာ ဟိုတယ် အဆောက်အဦးအား တွေ့ရစဉ်/ Photo – Shwe Yee FB.

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်