ကိုနေကို၊ ဩဂုတ်-၂၈
အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ ဌာနမှူး (ဒု-ညွှန်ချုပ်) ဦးမင်းလွင်စိုး ကို စွဲဆိုခံထားရသည့် အမှုမှ တရားသေ လွှတ်ပေးလိုက်ကြောင်း ယနေ့ (ဩဂုတ်၂၈) ရုံးချိန်းတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ အမိန့်ချမှတ်သည်။
နေပြည်တော် စည်ပင်သာယာရေကော်မတီ၊ ဈေးများဌာန၊ ဌာနမှူး ဦးမင်းလွင်စိုးနှင့် သားသတ်ဌာန၊ ဌာနမှူး ဒေါက်တာခိုင်စိုးလှ တို့သည် သားသတ် လိုင်စင် ရရှိသူနှစ်ဦး ထံမှ ငွေကြေးရယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆိုခံခဲ့ရသည်။
ယင်းအမူနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် နှစ်နှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် သက်သေ မခိုင်လုံသည့်အတွက်ဟုဆိုကာ သြဂုတ်(၂၈)ရက်တွင် ဦးမင်းလွင်စိုးကို တရားသေ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သက်သေတင်သွင်းထားသည့် ဗွီဒီယိုဖိုင်သည် ဖြတ်၊ ညှပ်၊ ကပ် လုပ်ကာ လုပ်ကြံဖန်တီးထားကြောင်း ဖေါ်ထုတ်နိုင်ခဲ့သည့်အတွက် တရားရုံးက တရားသေ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းလွင်စိုး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ပြောသည်။
“ဗီဒီယိုဖိုင်ထဲမှာက ခြင်းနဲ့ ငွေထုပ်ကို ကားပေါ် ပြန်တင်ပေးတာကို ဖျက်ထားတယ်။ အဲ့တာ ပေါ်တယ်။ ဒုတိယအဆင့် သက်သေခံက သံသယ ဖြစ်စရာပေါ်တယ်လို့ တရားရုံးက သုံးသပ်တယ်။ သက်သေ မထင်ရှားဘူးပေါ့။ သက်သေခံ ဥပဒေပြင်ဆင်ချက်အရ ဖေါ်ထုတ်နိုင်လို့ ပေါ်တာပါ။ အီလက်ထရောနစ် နည်းပညာကို အသုံးချပြီး လာဘ်ပေးလာဘ်ယူမှု အတုဖန်တီးခဲ့တာ” ၎င်းက ဆိုသည်။
လာဘ်ပေး လာဘ်ယူမှုအဖြစ် မမှန်မကန် ဖန်တီး၍ တိုင်ကြားခဲ့သူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီသို့ ပြန်လည် တင်ပြမည်ဖြစ်သလို အချုပ်သားအဖြစ် နှစ်နှစ် နေခဲ့ရသည့်အတွက်လည်း တရားမကြောင်းအရ ပြန်လည် တရားစွဲဆိုမည် ဖြစ်ကြောင်း တော်ဝင် ဦးခင်မောင်သန်းက ဆိုသည်။

အမှုမှ လွတ်မြောက်ခဲ့သူ ဦးမင်းလွင်စိုး က “အခု လောလောဆယ် ဘာမှ မပြောနိုင်သေးပါဘူး။ ဝမ်းသာပါတယ်” ဟု တရားခွင်မှအထွက်တွင် သတင်းထောက်များ၏ မေးမြန်းမူကို ပြန်လည်ဖြေကြားသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးသည် ဦးမျိုးခတ်ထံမှ ၂၀၁၇ သြဂုတ်လတွင် ငွေကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ မတ်လတွင် ငွေကျပ် (၂၀)သိန်း ရယူခဲ့ကြောင်းနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ သားသတ်ဌာန ဌာနမှူး ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခတ်ထံမှ ၂၀၁၇ သြဂုတ်(၁၁)ရက်တွင် ကျပ်ငါးသိန်း၊ သြဂုတ်(၁၉)ရက်တွင် ငွေကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ မေလ တွင် ကျပ်သိန်း လေးဆယ်တို့ကို ရယူခဲ့သည် ဆိုကာ မြန်မာနိုင်ငံ အဂတိလိုက်စားမူ တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရသည်။
အဆိုပါ တိုင်ကြားမူအပေါ် အဂတိလိုက်စားမူ တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၇ အောက်တိုဘာတွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးကာ အဂတိလိုက်စားမူ တိုက်ဖျက်ရေးဥပဒေဖြင့် အမူဖွင့် တရားစွဲဆိုခဲ့သည်။

ယင်းအမူနှင့်ပတ်သက်၍ ဦးမင်းလွင်စိုးနှင့်အတူ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် ဒေါက်တာခိုင်စိုးလှ ကိုမူ ထောင်ဒဏ် သုံးနှစ် ပြဒ်ဒဏ်ကျခံစေရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ ၂၀၁၉ ဇန်နဝါရီ(၅)ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။ မန္တလေးတိုင်း တရားလွှတ်တော်သည် ဒေါက်တာ ခိုင်စိုးလှကို စွဲဆိုထားသည့် အမှု နှစ်မှုအနက် တစ်မှုကို မှားယွင်းစွဲဆိုခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး၊ ကျန် တစ်မှုကို အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်ကျ ခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ခိုင်စိုးလှ အမှုတွင် လက်ဆောင်ခြင်းတောင်း လာဘ်ပေးလာဘ်ယူမှု ဗွီဒီယိုဖိုင် အတုလုပ်သည်ကို သက်သေပြနိုင်သော်လည်း အဆိုပါခြင်းတောင်းကို ပြန်ပေးခဲ့ကြောင်း သက်သေမပြနိုင်သည့်အတွက် ပြစ်ဒဏ်ချမျတ်ခံရခြင်း ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း က ရှင်းပြသည်။
အမူမှ တရားသေ လွတ်မြောက်လာသူ ဦးမင်လွင်စိုး။ ဓါတ်ပုံ – နေကို။