မန်းမြို့ဈေးအပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေး(၅)ဈေးကို ကျပ်သိန်းထောင်ချီသုံးစွဲကာ အဆင့်မြင့်တင်မည်

မောင်မင်းမော် ၊ နိုဝင်ဘာ-၁၉

မန္တလေးမြို့ပေါ်ရှိ ဈေး(၅)ဈေးကို ယခုထက် ပိုမိုကောင်းမွန်စေရန် လက်ရှိဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်တင် ပြုပြင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မန်းမြို့ဈေး၊ မြနန္ဒာဈေး၊ ကျော်ကျော်အောင်ဈေး၊ ဆရာစံဈေးနှင့် ပြည်ရန်ကျော်ဈေးတို့ကို အဆင့်မြင့်တင် ပြုပြင်မည်ဖြစ်ပြီး ဈေးရုံအဆောက်အဦးများ ပြုပြင်ခြင်း၊ ဈေးသည်ဈေးဝယ်များ သွားလာရေး အဆင်ပြေစေရန်၊ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အဆင့်မြင့်တင်မည် ဖြစ်သည်ဟု ၎င်းက  ဆိုသည်။

မန္တလေးမြို့ပေါ်တွင် ဈေး(၄၀)ကျော်ရှိပြီး ယခုနှစ်အတွင်း အထက်ပါဈေး(၅)ဈေးကို ကျပ်သိန်းထောင်ချီ သုံးစွဲကာ အဆင့်မြင့်တင်မည် ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ အခြားဈေးများကိုလည်း အဆင့်မြှင့်တင် ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆက်လက်လုပ်ဆောင်မည်ဟု မန္တလေးမြို့တော် သည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

အဆင့်မြင့်တင်ပြုပြင်မည့် မန်းမြို့ဈေးနှင့် အခြားဈေးများ။ Photo – Mg Min Maw.

လက်ရှိဘဏ္ဍာနှစ်တွင် မန္တလေးမြို့ပေါ်ရှိ ယို့ယွင်းပျက်စီးနေသည့် ဈေးများကို အဆင့်မြှင့်တင်ရန်၊ ရွှေ့ပြောင်း အသစ်တည်ဆောက်ရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးမှုများ ပြုပြင်ရန်အတွက် ဘဏ္ဍာငွေ ကျပ်သိန်း(၅၀၀၀) သုံးစွဲခွင့်ရထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ ဌာနမှူး ဦးခင်အောင်က ပြောသည်။

အဆင့်မြင့်တင်ပြုပြင်ရန် လျာထားသည့် ဈေး(၅)ဈေးအပြင် လမ်းပိတ်ရောင်းချနေသည့် လမ်းဘေးဈေးသည်များနှင့် ထန်းတောဘုန်းကြီးကျောင်းဝင်းအတွင်း ရောင်းချနေသည့် ဈေးသည်များကိုလည်း စည်ပင်သာယာမှ သီးသန့် သတ်မှတ်ထားသည့်နေရာတွင် ရောင်းချရမည့် ဈေးအဖြစ် ပြုလုပ်ပေးရန်အတွပ်လည်း အစီအစဉ်ရှိသည်ဟု ၎င်းက ပြောသည်။

မန္တလေးစည်ပင်အနေဖြင့် ပြီးခဲ့သည့်နှစ်က ဆရာစံဈေး၊ တံခွန်တိုင်ဈေး၊ စက်မှု(၁)ဈေးနှင့် (စ)လုံးဈေးများကို အဆင့်မြှင့်တင်ပြုပြင်ခြင်းများ လုပ်ဆောင်ခဲ့ပြီး မြေနေရာဝယ်ယူခြင်း အပါအဝင် အသေးစားနှင့် အကြီးစား ပြုပြင်ခြင်းများအတွက် ကျပ်သိန်းတစ်သောင်းနီးပါး သုံးစွဲခဲ့သည်ဟု စည်ပင် တာဝန်ရှိသူများက ပြောသည်။

အဆင့်မြင့်တင်ပြုပြင်မည့် မန်းမြို့ဈေးနှင့် အခြားဈေးများ။ Photo – Mg Min Maw.

ပြီးခဲ့သည့်နှစ်က ဈေးများ အဆင့်မြင့်တင် တည်ဆောက်ခြင်းအတွက် ကျပ်သိန်း(၃၀၀၀)၊ ခေတ်မီသားသတ်ရုံ ပြုပြင်ခြင်းအတွက် ကျပ်သိန်း(၁၉၀၀)နှင့် ဈေးချိုတော်တွင် ဓာတ်လှေကား၊ စက်လှေကားများ တပ်ဆင်ခြင်းအပါအဝင် ပြုပြင်ခြင်းအတွက် ကျပ်သိန်း(၄၇၉၀) သုံးစွဲခဲ့ကြောင်း စည်ပင်သာယာ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

.

အဆင့်မြင့်တင်ပြုပြင်မည့် မန်းမြို့ဈေးနှင့် အခြားဈေးများ။ Photo – Mg Min Maw.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်