ရဲ၊စည်ပင်နှင့် ကုမ္မဏီက အင်အားသုံးကာ ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်းအတွက် ခြံဝန်းများ ဆက်လက်ကာရံ

အရှည်ပေတစ်သောင်းကျော် ခြံဝန်းခတ်မည်ဖြစ်ပြီး ဒေသခံအချို့ ပိတ်မိနေ

မောင်မင်းမော် ၊ သြဂုတ်-၂၇

ဒေသခံများ၏ ကန့်ကွက်မူကြောင့် ပဋိပက္ခဖြစ်ပွာခဲ့သော်လည်း ရဲ၊စည်ပင်နှင့် ဖွံ့ဖြိုးသစ် ကုမ္မဏီတာဝန်ရှိသူများက ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်းအတွက် ခြံဝန်းကာရံခြင်း လုပ်ငန်းများကို သုံးရက်မြောက်အဖြစ် ဆက်လက်လုပ်ကိုင်လျှက် ရှိသည်။

သြဂုတ်(၂၅)တွင် ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်းအတွက် ခြံဝန်းများ စတင်ကာရံခဲ့ပြီး ပဋိပက္ခဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ရေတံခွန်တောင်ကားလမ်းကို ပိတ်ဆို့ကာ ပေကြိုးများတားပြီး ဆက်လက်ကာရံနေခြင်းဖြစ်သည်။ ယနေ့နေ့လည်ပိုင်းတွင် စီမံကိန်းဧရိယာအတွက် ခြံဝန်းကာရံခြင်းလုပ်ငန်းများ အပြီးသတ်မည်ဟု ကြားသိထားရကြောင်း ရေကြည်ရွာမှ ဒေသခံတောင်သူများက ပြောသည်။

ပဋိပက္ခဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့၊ စည်ပင်သာယာနှင့် ကုမ္မဏီဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အင်အားအများအပြားဖြင့် ခြံဝန်းများ ကာရံလျှက်ရှိရာ ဒေသခံများအနေဖြင့် ထပ်မံကန့်ကွက်နိုင်ခြင်း မရှိတော့သလို ခြံဝန်းအကာအရံများအတွင်း အိမ်ထောင်စုအချို့ ပိတ်မိနေသည်ဟု ရေကြည်ရွာ ဒေသခံ ဦးမောင်ငွေက ပြောသည်။

ထိုသို့ ဝန်းခြံခတ်လိုက်သည့်အတွက် စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးဆုံးရံှုးမည်ဖြစ်ကာ စားဝတ်နေရေး အခက်အခဲ ကြုံနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညှိနှိုင်းကာ လျော်ကြေးနှင့် နစ်နာကြေးများ ပေးစေလိုကြောင်း ရေကြည်ရွာ ဒေသခံများက ဆိုသည်။

“လည်ဆည်ဝန်ကြီးနဲ့ သွားတွေ့တော့ ပြဿနာတွေက သူနဲ့ မသက်ဆိုင်ပါဘူးတဲ့ စည်ပင်ဥက္ကဌနဲ့ သွားတွေ့လိုက်ပါလို့ ပြောလိုက်တယ်။ ကျွန်တော်တို့ကတော့ ညှိနှိုင်းဖို့ပဲ မျှော်လင့်နေရတာပေါ့”ဟု ဦးငွေမောင်းက ပြောသည်။

မြေယာကိစ္စ ညှိနှိုင်းဖြေရှင်းပေးရန် သြဂုတ်(၂၆)ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးသို့ သွားရောက်တောင်းဆိုခဲ့သော်လည်း ပြေလည်မူမရခဲ့ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများနှင့် ကုမ္မဏီတာဝန်ရှိသူများက သြဂုတ်(၂၅)ရက်မှ စတင်ကာ ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်းအတွက် ခြံဝန်းများ ကာရံခဲ့ရာ ဒေသခံအချို့က ကန့်ကွက်ခဲ့ပြီး နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်(၁၇)ချက်ပစ်ဖောက်ခဲ့သလို ဒေသခံများက ခဲ၊လေးခွနှင့် ဓါတ်ဆီပုလင်းမီးရှို့ကာ ပစ်ပေါက်မူများ ရှိခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ပဋိပက္ခကြောင့် ရေကြည်ရွာမှ အသက်(၄၆)နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး၏ မျက်နှာနှင့် ဂုတ်ပိုးတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သလို ရဲနှင့် ကုမ္မဏီဝန်ထမ်း(၅)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ပဋိပက္ခတွင် ပါဝင်ခဲ့သည့် ရေကြည်ရွာ ဒေသခံ(၁၀၀)ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပုဒ်မ (၆)ခုဖြင့် အမူဖွင့်ထားသလို ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည့် အမျိုးသမီး၏ ဖခင်ကလည်း နာကျင်စေမူဖြင့် ပြန်လည်အမူဖွင့်ထားသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အရှည်ပေတစ်သောင်းကျော်ကို ခြံဝန်းခတ်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့် ကုမ္ပဏီနှင့် ဒေသခံများအကြား အန္တရာယ်မဖြစ်စေရန် တာဝန်အရ လုံခြုံရေး ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သြဂုတ်(၂၆)ရက်တွင် ပြောသည်။

ခြံဝန်းကာရံခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး ပဋိပက္ခဖြစ်စဉ်များ ထပ်မံပွားခြင်း မရှိတော့ဟု ၎င်းက ဆိုသည်။

”ကုမ္ပဏီနဲ့ ရွာသားတွေရဲ့ ပြဿနာကို တာဝန်အရ အန္တရာယ်ကို ကာကွယ်ပေးခြင်းသာ ဖြစ်တယ်။ ကိုယ်ကျိုးစီးပွား မပါဘူး။ ကာရံပြီးတဲ့အထိ လုံခြုံရေးယူပေးထားရမှာပါ။ ဒါက တာဝန်ပဲလေ” ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာအနီးရှိ မြေဧက(၅၀၀)ကျော်ပေါ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဖွံ့ဖြိုးသစ် ကုမ္ပဏီတို့ ပူးပေါင်း၍ ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြင့်အိမ်ယာစီမံကိန်းကို အကောင်အထည်ဖော်လျှက် ရှိသည်။ အဆိုပါ စီမံကိန်းအတွက် ခြံဝန်းခတ်ချိန်တွင် ဒေသခံများက ၎င်းတို့၏ ဘိုးဘွားပိုင် မြေယာများတွင် ခြံဝန်းခတ်ခြင်းမပြုရန် တားမြစ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးမြိုှုတော် စည်ပင်သာယာရေးကော်မတီနှင့် ဖွံ့ဖြိုးသစ်ကုမ္မဏီတို့က မည်သည့် သတင်းအချက်အလက်မျှ ထုတ်ပြန်ခြင်းမရှိသေးပါ။ မန္တလေးမြိုှုတော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ခြံဝန်းကာရံချိန် မြေယာများမှ ထွက်ခွာပေးခြင်း မရှိသည့် ရေကြည်ရွာမှ အိမ်ထောင်စု(၃)စုခန့် မိသားစု         ဝင် (၁၀)ဦးခန့်မှာ ခြံဝန်းခတ်လိုက်ချိန်တွင် ပိတ်မိနေခဲ့ရာ လက်ရှိအချိန်ထိ ပိတ်မိနေဆဲဖြစ်ကြောင်း ရေကြည်ရွာဒေသခံများက ပြောသည်။ ခြံဝန်းများအတွင်း ပိတ်မိနေသူ အရေအတွက် အတိအကျကိုမူ Mandalay In-depth News မှ အတည်မပြုနိုင်သေးပါ။

ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်း အကောင်အထည်ဖော်မည့် မြေယာများကို ရေတံခွန်တောင်ဂေါက်ကွင်း စီမံကိန်းအတွက်ဟုဆိုကာ ၁၉၉၇ တွင် လျှော်ကြေးငွေမပေးဘဲ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်းအတွက် ခြံဝန်းကာရံနေသည်ကို သြဂုတ်(၂၅)က တွေ့ရစဉ်။ ဓါတ်ပုံ – မင်းမော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်