မန္တလေးတွင် ခိုးမူဖြင့် ဖမ်းဆီးထားသူတစ်ဦး ဖမ်းခံရပြီး (၂၄)နာရီမပြည့်မီ ထွက်ပြေးသွား

သတင်း-မောင်မင်းမော်၊ ဓါတ်ပုံ -အမ်တီ၊ သြဂုတ်-၂၉

မန္တလေးမြို့တွင် ကျပ်သိန်းတစ်ရာကျော် ခိုးယူမူဖြင့် ဖမ်းဆီးထားသည့် အမျိုးသားတစ်ဦး ဖမ်းဆီးပြီး (၂၄)နာရီမပြည့်မီ ထွက်ပြေးသွားခဲ့မူ ယနေ့(သြဂုတ်၂၉)ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

သြဂုတ်(၂၈)ရက် ညနေပိုင်းတွင် ဖမ်းမိခဲ့ပြီး အောင်မြေသာစံမြို့နယ် အမှတ်(၅)မြို့မရဲစခန်းတွင် ခိုးမူဖြင့် အမူဖွင့်ထားသည့် အချုပ်သားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် ချုပ်ရက်ရီမန်ယူရန် အောင်မြေသာစံမြို့နယ် တရားရုံးသို့ အချုပ်ကားဖြင့် ခေါ်ဆောင်လာစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။

“ဟုတ်တယ်။ လိုက်ရှာနေတယ်။ ရီမန်ယူဖို့ တရားရုံးကိုခေါ်လာချိန် ထွက်ပြေးသွားတာ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ အချုပ်သားအနေဖြင့် တရားရုံးအချုပ်မှ ထွက်ပြေးသွားသည်လား၊ အချုပ်ကားပေါ်မှ ထွက်ပြေးသွားသည်လား ဆိုသည်ကိုမူ Mandalay In-depth News မှ အတည်မပြုနိုင်သေးပါ။ ၎င်းအချုပ်သားကို အခြား အချုပ်သားနှစ်ဦးတို့နှင့်အတူ ထားရှိစဉ် တစ်ဦးတည်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ထွက်ပြေးသွားသည့် အချုပ်သားကို ပြန်လည်ဖမ်းဆီးရမိရန် ကြိုးစားနေသလို ၎င်း အချုပ်သားကို စောင့်ကြည့်ရန် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း စစ်ဆေးနေသည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

.

ထွက်ပြေးသွားခဲ့သည့် အချုပ်သားသည် အသက်(၂၆)နှစ်အရွယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် သာစည်ရွာဇာတိဖြစ်ကာ ယာသ်မောင်းအလုပ် လုပ်ကိုင်သူဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းသည် သြဂုတ်(၂၈)ရက် နေ့လည်က အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ကျပ်သိန်း(၁၂၀)ကျော်ပါ ကျောပိုးအိတ်တစ်လုံး ခိုးယူခဲ့သူဟု ဆိုသည်။ ထိုသို့ နေ့ခင်းအချိန် နေအိမ်အတွင်း ဝင်ရောက်ခိုးယူနေစဉ် အိမ်နီးချင်တစ်ဦးမှ မြင်တွေ့ခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြားခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေခဲ့ရာမှ ၎င်းအမျိုးသားကို ညနေ(၆)နာရီဝန်းကျင်တွင် ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ထွက်ပြေးသွားခဲ့သည့် အချုပ်သားမှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ် ၃၈၀ (ခိုးမူ)ဖြင့် အမူဖွင့်ခံထားရသူဖြစ်သည်။

ခိုးမူဖြင့် ဖမ်းဆီးအမူဖွင့်ခံရပြီး ထွက်ပြေးသွားခဲ့သည့် အချုပ်သား ။ ဓါတ်ပုံ – အမ်တီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်