ရွေးကောက်ပွဲနေ့ ပုံသေသတ်မှတ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြံပြု
ကိုနေကို၊ သြဂုတ်-၈
ဘဏ္ဍာရေးနှစ် သတ်မှတ်ကာလ ပြောင်းလဲထားသော်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို ပြောင်းလဲမည်မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်အတိုင်း လွှတ်တော် သက်တမ်း မကုန်ဆုံးမီ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အဖြစ် ယခင်က ဧပြီမှ မတ်လအထိ သတ်မှတ်ခဲ့ရာမှ လက်ရှိအစိုးရက ၂၀၁၈မှစတင်ကာ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာမှ စက်တင်ဘာအဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့အတွက် အစိုးရအဖွဲ့ အပြောင်းအလဲသည် ဘဏ္ဍာရေးနှစ်အစမဟုတ်တော့ဘဲ ဘဏ္ဍာနှစ်အလယ်တွင် လွှဲပြောင်းရမည်ဖြစ်သည်။
ထိုသို့ ဘဏ္ဍာရေးနှစ် ပြောင်လဲသတ်မှတ်ခဲ့သည့်အတွက် ရွေးကောက်ပွဲကျင်းပချိန် ပြောင်းလဲနိုင်ခြေ ရှိ၊မရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (မန္တလေးတိုင်းဒေသကြီး) အတွင်းရေးမှုး ဦးမောင်မောင်က သြဂုတ်(၇)ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် မေးမြန်းခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ လွှတ်တော်၏ သက်တမ်းသည် (၅)နှစ်ဖြစ်သည့်အတွက် လွှတ်တော်သက်တမ်းမကုန်မီ ရွေးကောက်ပွဲ ကျင်းပ ပြီးစီးရမည်ဖြစ်ရာ ဘဏ္ဍာရေးနှစ် သတ်မှတ်ကာလ ပြောင်းလဲသော်လည်း အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလကို ပြောင်းလဲမည်မဟုတ်ဟု ဦးအောင်မြင့်က ပြောသည်။
“လွှတ်တော်က စောခေါ်တယ်လည်း မရှိဘူး။ လွှတ်တော် စောဖျက်တယ်ဆိုတာလည်း မရှိဘူး။ ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတဲ့အတိုင်း အဲဒီကာလမှာ လုပ်မှာပါ။ အခြေအနေအရ နေ့၊ရက် တော့ ကွာမှာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပပြီးဖြစ်ကာ ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာ(၇)ရက်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာ(၈)ရက် တွင် ကျင်းပခဲ့သည်။ လာမည့် တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကိုလည်း ၂၀၂၀နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံသည် ငါးနှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပနေပြီဖြစ်သည့် ရွေးကောက်ပွဲနေ့ (Election Day)အဖြစ် ပုံသေသတ်မှတ်ပြဌာန်းရန် လိုအပ်မည်ဟု ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (မန္တလေးတိုင်းဒေသကြီး) အတွင်းရေးမှုး ဦးတင်ကိုကိုက အထက်ပါ တွေ့ဆုံပွဲတွင် ပြောသည်။
“ရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ ရက်ပေါင်း (၉၀)ထက်မနည်း ကြေငြာရမယ်လို့ပဲ ပါတယ်။ ဘယ်နေ့၊ ဘယ်ရက်မှာ ကြေငြာမယ်လို့ သတ်မှတ်နေ့ရက် ပြဌာန်းထားတဲ့ ဥပဒေ မရှိပါဘူး။ ဥပဒေ တစ်ရပ် ပေါ်ပေါက်ဖို့ လိုနေပြီလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်ကမူ ရွေးကောက်ပွဲများကို နယ်မြေဒေသအခြေအနေ၊ ရာသီဥတု အခြေအနေပေါ် မူတည်ကာ ကျင်းပခြင်းဖြစ်သည်ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲ မဟာဗျူဟာ (၁၅)ချက် ချမှတ်ကာ ကြိုတင်ပြင်ဆင်နေပြီး လက်ရှိတွင် မဲဆန္ဒရှင် စာရင်းများကို အိမ်အမှတ်၊ အိမ်ထောင်ဦးစီးအလိုက် စာရင်းပြုစု ထုတ်ပြန်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက ပြောသည်။
.
ဓါတ်ပုံ – နေကို။
.