မြစ်သားတွင် မူးယစ်ဖမ်းသည့် ရဲနှင့်ပူးပေါင်းအဖွဲ့ဝင်များကို အိမ်ရှင်က ဓါးဖြင့်လိုက်ခုတ်၊

အုပ်ချုပ်ရေးမှူး အသေးစားဓါးဒဏ်ရာ ရပြီး ရဲက သေနတ်ဖောက် ဖမ်းဆီးခဲ့ရ

ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၁၁

မြစ်သားမြို့တွင် မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များကို အိမ်ရှင် အမျိုးသားမှ ဓားရှည်ဖြင့် လိုက်လံခုတ်သဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးခဲ့ရမှု အောက်တိုဘာ(၈)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ အိမ်ရှင် အသက်(၂၉)နှစ်အရွယ် အမျိုးသားက အရှည်(၁၇)လက်မခန့်ရှိ ဓားရှည်ဖြင့် လိုက်လံခုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ဓါးဖြင့် လိုက်ခုတ်ခဲ့သဖြင့် မြို့မအရှေ့ရပ်ကွက် ရာအိမ်မှူး ဦးစိုးမြင့်တွင် ယာဘက်ပေါင်၌ တစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ဓားရှည်ဖြင့် လိုက်ခုတ်သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ  ၁၂ ဗို့ သေနတ်ဖြင့် နှစ်ချက် သတိပေး ပစ်ခတ်ခဲ့ရာ ၎င်းအမျိုးသားတွင် ယာလက်ပြင်၊ တင်ပါးနှင့် ခြေသလုံးတို့၌ ရာဘာကျည် ထိမှန်ဒဏ်ရာ သုံးချက် (မစိုးရိမ်ရ)နှင့် ကျည်ထိမှန်လဲကျစဉ် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ နေအိမ်အတွင်း ဓါးဖြင့်ခုတ်သည့် အမျိုးသား၏ ဇနီးဖြစ်သူ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တရပ်ကွက်တည်းနေ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ရှိနေခဲ့ပြီး ဓါးဖြင့်လိုက်ခုတ်သည့် အမျိုးသားကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေရာ နေအိမ် မီးဖိုးဆောင် ခေါင်မိုးကြား၊ မြေကြီးအတွင်းနှင့် အိမ်ရှင်အမျိုးသား၏ ဇနီးဖြစ်သူ၏ လက်အတွင်းတို့မှ ပလပ်စတစ်ဗူး၊ အိတ်များဖြင့်ထည့်လျက် 88/1 စာတမ်းပါ စိတ်ကြွဆေးပြား (၈၀၆)ပြား၊ ငွေကျပ်(၇)သောင်းကျော်၊ ဓားရှည်(၅)ချောင်း၊ နံချပ်ကူတစ်ခု၊ ဆိုင်ကယ် တစ်စီးနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သုံးဦးကို ဖမ်းဆီးထားသည်ဟု မြစ်သားမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

“သုံးယောက်တော့ ဖမ်းမိထားတယ်။ ဆက်စပ်သူတွေ ရှိ၊မရှိ ဆိုတာကတော့ မသိရသေးဘူး။ စစ်ဆေးတုန်းရှိပါသေးတယ်”ဟု ၎င်းက ပြောသည်။

နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိမူကြောင့် ဓားရှည်ဖြင့် လိုက်ခုတ်သူ အပါအဝင် နေအိမ်အတွင်းရှနေသူ သုံးဦးကို မြစ်သားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)၊၂၀(က)/၊၂၀(ခ)၊၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးမူဖြင့် ဖမ်းဆီးအမူဖွင့်ခံရသူများ။ ဓါတ်ပုံ – Ministry Of Home Affairs.

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်