ရန်ကုန်သူတစ်ဦး မန္တလေးတရုတ်တန်းတွင် လမ်းလျှောက်နေချိန် ဖုန်းလုယက်ခံရ

ဘုံကမ္ဘာထွန်း၊ စက်တင်ဘာ-၈

မန္တလေးမြို့သို့ လာရောက်လည်ပတ်သည့် ရန်ကုန်သူတစ်ဦး၏ လူစည်ကားသည့် မန္တလေးတရုတ်တန်းအနီး လမ်းလျှောက်နေချိန် ဖုန်းလုယက်ခံရမူ စက်တင်ဘာ(၆)ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကိုယ်ပိုင်ကားဖြင့် မန္တလေးမြို့ လာရောက်ခဲ့ပြီး စက်တင်ဘာ(၆)ရက် နေ့လည်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၄လမ်း၊ ၇၆လမ်း၊ တရုတ်တန်းအနီးဝန်းကျင်တွင် ကားရပ်ကာ ခြေလျှင်လမ်းလျှောက်နေချိန် ဖုန်းလုယက်ခံရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ အမျိုးသမီးသည် iPhone 7 Plus အမျိုးအစား ပန်းရောင်ဖုန်းကို လက်မှကိုင်ကာ လမ်းလျှောက်နေချိန် နောက်မှနေ၍ စကူဖီအနက်ရောင်ဆိုင်ကယ် စီးလာသည့် လူငယ်သုံးဦးအနက် တစ်ဦးမှ ဖုန်းကို ဆွဲယူလုယက် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖုန်းလုယူခံရမူနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၂(ခိုးမူ)ဖြင့် အမူဖွင့်ကာ ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျှက် ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့တွင် လုယက်မူ၊ ခိုးမူများ မကြာခနဖြစ်ပွားလျှက် ရှိသည်။ ၂၀၁၈အတွင်း မန္တလေးခရိုင်အတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ် ၃၈၂(ခိုးမူ)ဖြင့် အမူဖွင့်သည့် ဖြစ်စဉ် (၆၁)မူဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ထိုသို့ ဆိုင်ကယ်ဖြင့် ယုယက်မူများနှင့် ပတ်သက်၍ တရားရုံးမှ ထောင်ဒဏ်(၇)နှစ်အထိ ပြစ်ဒဏ်ချမှတ်အရေးယူလျှက်ရှိသည်ဟု ဆိုသည်။

သို့သော် ခိုးမူ၊ လုယက်မူများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပြီး အဓိကအားဖြင့် အမျိုးသမီးများကို ပစ်မှတ်ထားကာ လုယက်ကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်