အခွန်လျှော့ကောက်မည်ဖြစ်၍ မန္တလေး အိမ်၊ခြံ၊မြေဈေးကွက် အရောင်းအဝယ် ပိုသွက်လာနိုင်ဟုဆို

ကိုနေကို၊ သြဂုတ်-၉

လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံမည်ဖြစ်ရာ အရောင်းအဝယ် အေးနေသည့် မန္တလေးအိမ်ခြံမြေဈေးကွက် တဖန်ပြန်လည်လှုပ်ခတ်လာနိုင်ကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်သည်။

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် လာမည့်နှစ်အတွင်း မြေဈေးများ အတက်၊အကျ သိသိသာသာ မရှိနိုင်သော်လည်း အခွန်နှုန်း အပြောင်းအလဲကြောင့် အရောင်းအဝယ် ပိုသွက်လာနိုင်ပြီး ကျပ်သိန်းတစ်သောင်းအောက် မြေကွက်များ အရောင်းအဝယ်ဖြစ်နိုင်သည်ဟု မန္တလေးမြို့ ဝသုန္ဒြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း တည်ထောင်သူ ဦးမျိုးမြင့်အောင်က ပြောသည်။

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန် နှုန်းထားများကို ငွေတစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်မှ   ကျပ်သိန်းသုံးထောင်အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်မှ ကျပ်သိန်းသုံးသောင်းအထိကို (၁၀)ရာခိုင်နှုန်းနှှု့် ကျပ်သိန်းသုံးသောင်းအထက်ကို (၃၀)ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းမှာ ယခင်နှစ်ထက် ဝင်ငွေခွန်နှုန်းထား များစွာလျော့ချကောက်ခံမည့်သဘော ဖြစ်သည်။

၂၀၁၈အခွန်အကောက် ဥပဒေအရ လက်ရှိကောက်ခံနေသည့် ဝင်ငွေခွန်နှုန်းထားများမှာ ငွေတစ်ကျပ်မှ ကျပ်သိန်းသုံးရာအထိ ကို (၁၅)ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးရာမှ ကျပ်သိန်းတစ်သောင်းအထိကို (၂၀)ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်သောင်းအထက်ကို (၃၀)ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံလျှက် ရှိသည်။

အခွန်နှုန်းထားများ လျော့ချကောက်ခံလျင်  အိမ်ခြံမြေဝယ်ယူသူများမှ အမည်ပေါက် ဂရံလျှောက်ထားမူ ပိုမိုများပြားလာမည်ဖြစ်ရာ ပိုင်ဆိုင်မှု ခိုင်မာလာပြီး အရောင်းအဝယ် ဈေးကွက် ပိုသွက်လာသည်ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။

“မြေကွက်ပိုင်ရှင်တွေ၊ မြေဝယ်ထားသူတွေနဲ့  ဝယ်မဲ့သူတွေအတွက် ဝမ်းသာစရာပါ။ အမည်ပေါက် (ဂရံ)ဖေါက်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုပါ။ မြန်မာတွေ အမည်ပေါက် ဖေါက်နိုင်တဲ့ အနေအထား ရောက်လာတာပေါ့။ လက်ရှိ အမည်ပေါက်တွေက နိုင်ငံခြားသား များတယ်။ ဒီနှုန်းက အမြဲ ဖြစ်သင့်တဲ့ နှုန်းထားပါ။ အရင်ကလည်း ဖြစ်ဖူးတဲ့ နှုန်းထားပါ” ဟု ၎င်းက ဆိုသည်။

ဥပဒေကြမ်းပါအတိုင်း ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံရန် မျှော်လင့်ကြောင်းနှင့် အခွန်နှုန်းသစ်ကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည်အသက်ဝင်လာနိုင်သည်ဟု မန္တလေးမြို့ ဖိုးလမင်း အိမ်၊ခြံ၊မြေ အကျိုးဆောင် ကုမ္ပဏီ ပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောသည်။

 “အိမ်၊ခြံ၊မြေ အရောင်းအဝယ် အနေအထား သွက်လာနိုင်တယ်။ အိမ်ခြံမြေ ကဏ္ဍမှ မဟုတ်ပါဘူး။ နိုင်ငံရဲ့  ရပ်တန့်နေတဲ့ စီးပွားရေး အဆောက်အအုံ တစ်ခုလုံး ပြန်လည်ပတ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေးအိမ်၊ခြံ၊မြေ  ဈေးကွက် အရောင်းအဝယ်နှင့် ဈေးနှုန်းများသည် ၂၀၁၄တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြေဈေးနှုန်းရော၊ အရောင်းအဝယ်ပါ ဆက်တိုက်ကျဆင်းခဲ့သည်။  လက်ရှိတွင် မန္တလေးမြို့ပေါ်ရှိ မြေကွက်များ၏ တန်ဖိုးသည် ၂၀၁၄ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်အထိ ကျဆင်းနေကြောင်း မြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် အတည်ပြုမည်ဖြစ်သည်။

အခွန်နှုန်းဇယား- နေကို၊ ဓါတ်ပုံ – ခွန်လတ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်