လွိုင်ကော်အမှု ကွင်းဆက်အဖြစ် မန္တလေးရှိ ဖိနပ်ဆိုင်တစ်ဆိုင်မှ လက်နက်အချို့ဖမ်းမိ

အမ်တီ၊ သြဂုတ်-၂၈

လွိုင်ကော်မြို့တွင် မူးယစ်ဆေးပြားနှင့် ကျည်ဆံများ ဖမ်းဆီးရမိခဲ့မူမှ ကွင်းဆက်အဖြစ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဖိနပ်အရောင်းဆိုင်တစ်ဆိုင်မှ လက်နက်အချို့ ဖမ်းမိခဲ့ကြောင်း တိုင်းမူခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သြဂုတ်(၂၇)ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးကာဂိတ်မှတဆင့် မန္တလေးသို့ ပို့မည့် ဆာလာအိတ်တစ်လုံးအတွင်းမှ စိတ်ကြွဆေးပြားနှင့် ကျည်ဆံအချို့ ဖမ်းမိခဲ့ပြီးနောက် အဆိုပါ လိပ်စာအတိုင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေရာမှ လက်နက်အချို့ ထပ်မံဖမ်းမိရခြင်းဖြစ်သည်။

ယနေ့ နေ့လည်ပိုင်းတွင် တိုင်းမူခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ မဟာအောင်မြေမြို့နယ် တက္ကသိုလ်ရပ်ကွက်ရှိ ဖိနပ်အရောင်းဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ ဆိုင်အပေါ်ထပ်ရှိ အခန်းအတွင်း ဗီရိုကြားမှ လေသေနတ် အရှည် စနိုက်ပါတပ်လျက်တစ်လက်၊ ဆွန်ဇာလန်နိုင်ငံထုတ် လေသေနတ် ပစ္စတို တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ၊ လေသေနတ်ခဲကျည် (၇)ဘူး ပွိုင့်-၂၂ ကျည် နှစ်ဗူး (တစ်ဗူး၅၀ပါ၊ ငှက်ကြီးထောင် ဓားရှည် နှစ်လက်အပါအဝင် ဓာတို၊ဓားရှည် (၈) ချောင်း၊ စနိုက်ပါမှန်ပြောင်းတစ်ခု၊ အသံတိတ်ပြောင်းတို တစ်ခု၊ ကျော်ပိုးအိတ်တစ်လုံးနှင့် ခရီးဆောင်အိတ် တစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်များ ဖမ်းမိမူနှင့်ပတ်သက်၍ ဖိနပ်ဆိုင်မှ အသက်(၃၁)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးကာ  တိုင်းမှုခင်းနိမ်နင်းရေးတပ်ဖွဲ့တွင် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

သြဂုတ်(၂၇)ရက် ညနေပိုင်းက လွိုင်ကော်မြို့တွင် စိတ်ကြွဆေးပြား(၁၁၁)ပြားနှင့် ပွိုင့်-၂၂ သေနတ်ကျည်ဆံ (၁၅၀၀) ဖမ်းမိမူနှင့်ပတ်သက်၍မူ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးနှင့် အသက်(၃၄)နှစ်အရွယ် အမျိုးသားတို့ကို လွိုင်ကော်မြို့မရဲစခန်းတွင် လက်နက်မူ၊ မူးယစ်မူများဖြင့် ဖမ်းဆီးအမူဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဖိနပ်အရောင်းဆိုင်တစ်ဆိုင်မှ ဖမ်းမိခဲ့သည့် လက်နက်များ။ ဓါတ်ပုံ – အမ်တီ၊ ရဲတပ်ဖွဲ့

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်