ယခုလတွင် တစ်ရက်လျှင် ပျှမ်းမျှ နိုင်ငံခြားသား (၆၀၀)ခန့် ဝင်ရောက်နေပြီး ဝင်ကြေးငွေ ပိုမိုရရှိနိုင်ဟုဆို
ထက်အောင်၊ သြဂုတ်-၂၆
မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ လာရောက်လည်ပါတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များကို ဝင်ကြေးငွေကောက်ခံလျှက်ရှိရာ ဇူလိုင်လအတွက် ကျပ်သိန်း(၈၁၀)ကျော် ရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
မဟာမုနိဘုရားကြီးတွင် နိုင်ငံခြားသားဝင်ကြေးအဖြစ် တစ်ဦးလျှင် မြန်မာငွေ ကျပ်(၅၀၀၀)နှုန်းဖြင့် ဇူလိုင်(၁)ရက်မှစတင်ကာ ကောက်ခံခဲ့သည်။ ထိုသို့ ကောက်ခံရာ ဇူလိုင်လအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၆၃၄၈)ဦး ဝင်ရောက်ခဲ့ပြီး ဝင်ကြေးငွေ ကျပ်သိန်း(၈၁၀)ကျော် ရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရရှိငွေများကို ဘုရားကြီး ဘက်စုံပြုပြင်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ပြီး လတ်တလောတွင် ဘုရားဖူးလာသူများ အဆင်ပြေစေရန်အတွက် ဘုရားကြီး အနောက်ဘက် လေးဆယ့်ငါးတာကွင်းတွင် ကားရပ်နားကွင်း တစ်ခုပြုလုပ်မည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။ ထို့အပြင် ဘုရားကြီးမြောက်ဘက် နာရီစင်နေရာရှိ မုခ်ဦးအဝင်ပေါက်မှ လက်ရာများအား ရတနာပုံခေတ်လက်ရာများဖြင့် ပြန်လည်အစားထိုးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလတွင် နိုင်ငံခြားသားဝင်ရောက်မှုနှုန်း ပိုမိုများပြားနေပြီး တစ်ရက်လျှင် ပျှမ်းမျှ(၆၀၀)ကျော် ဝင်ရောက်လျှက်ရှိရာ သြဂုတ်လအတွက် ဝင်ကြေးငွေ ကျပ်သိန်း(၉၀၀)ဝန်းကျင် ရရှိနိုင်မည်ဟု ဦးကျော်ကျော်ဦးက ပြောသည်။
သို့သော် ဘုရားကြီးသို့ လာရောက်လည်ပါတ်သည့် နိုင်ငံခြားသား ခရီးသွားများထံမှ ဝင်ကြေးကောက်ခံသည့်အပေါ် ဝေဖန်သူများလည်း ရှိနေသည်။
“မလိုအပ်ဘဲနဲ့တော့ မကောင့်သင့်ပါဘူး။ ဘုရားကြီးမှာ ဘဏ္ဍာငွေက လိုအပ်နေတာ မဟုတ်ပါဘူး။ ဝင်ကြေးမပေးရလို့ ဘုရားကြီးကို နိုင်ငံခြားသား ပိုဝင်မယ်ဆိုရင် ရောင်းချနေတဲ့ ဈေးဆိုင်တွေ ပိုပြီး ဈေးရောင်းရ နိုင်ပါတယ်”ဟု မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဌ ဦးဝင်းဇော်ဦးက သုံးသပ်သည်။

ဝင်ကြေးကောက်ခံမူကြောင့် နိုင်ငံခြားသား လာရောက်လည်ပါတ်မူ လျှော့ကျခြင်းမရှိသလို လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားဝင်ရောက်မှု ပိုမိုများပြာလာနိုင်သည့်အတွက် လက်ရှိ ဝင်ကြေးကောက်ခံနေသော Tourist Information Center ကိုပါ တိုးချဲ့ဆောက်လုပ်နေကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။
လက်ရှိအချိန်သည် မိုးရာသီကာလ ဖြစ်သည့်အတွက် မန္တလေးသို့ ဥရောပခရီးသွား ဝင်ရောက်မှုနည်းပါးပြီး တရုတ်ခရီးသွားများ အများဆုံး ဝင်ရောက်လျှက်ရှိကြောင်း မန္တလေးဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
မဟာမုနိဘုရာကြီးရှိ ဝင်ကြေးကောက်ခံနေသော Tourist Information Center ။ ဓါတ်ပုံ – Soe Lin FB.