မြန်မာအမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားရန် လူကုန်ကူးမူ မန္တလေးတွင် အဖြစ်များ

ရှစ်လအတွင်း လူကုန်ကူးမူ (၁၉)မူ ဖမ်းမိပြီး အမျိုးသမီး(၂၆)ဦးကို ကယ်တင်နိုင်ခဲ့ရာ (၁၈)မူမှာ တရုတ်သို့ ဦးတည်ခြင်းဖြစ်

မောင်မင်းမော်၊ စက်တင်ဘာ-၂၀

မြန်မာအမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် လူကုန်ကူးမူ မန္တလေးတိုင်းဒေသကြီးအတွင်း အဖြစ်များနေပြီး ယခုနှစ်ပိုင်းအတွင်း အိမ်ထောင်ပြု၊ ကလေးမွေးပေးရမည်ဖြစ်ကြောင်း တရားဝင်ပြောဆိုစည်ရုံးကာ လူကုန်ကူးသည်အထိ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမူ (၁၉)မူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ရာတွင် (၁၈)မူမှာ အိမ်ထောင်ပြုနိုင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် လူကုန်ကူးခြင်းဖြစ်ကြောင်း အမှတ်(၁၁) လူကုန်ကူးမူ တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောသည်။

“တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်၊ ကလေးမွေးပေးရမယ် ဆိုတာမျိုး ပေါ်တင်ပြောဆို စည်းရုံးပြီး လူကုန်ကူးတာတွေ ရှိသလို တချို့အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အဲ့ဒီလိုလုပ်ရမယ်ဆိုတာ သိလျှက်နဲ့ စားဝတ်နေရေး အဆင်မပြေလို့ လိုက်ပါကြတာတွေလည်း တွေရှိရတယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ်(၃၀)ရက်က မန္တလေးမြို့နေ အသက်(၂၀)ကျော်အရွယ် အမျိုးသမီးသုံးဦးကို တရုတ်ဇနီးမယားအဖြစ် တစ်နှစ်နေထိုင်ပြီး ကလေးတစ်ယောက်မွေးပေးပါက ကျပ်သိန်း(၆၀)ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ လူကုန်ကူးရန် ကြိုးပမ်းမူ မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးနှင့် မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ အဒေါ်ဖြစ်သူတို့က ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူ အမျိုးသမီးများကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် တစ်နှစ်နေထိုင်ပြီး ကလေးတစ်ယောက် မွေးဖွားပေးပါက ကျပ်သိန်း(၆၀) ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးရာ မန္တလေးမြို့နေ အသက်(၂၃)မှ(၂၆)နှစ်အရွယ် အမျိုးသမီးသုံးဦးက စားဝတ်နေရေး အခြေအနေအရ တရုတ်ဇနီးမယားအဖြစ် လိုက်ပါလုပ်ကိုင်ရန် ဘဘောတူခဲ့သည်။  ထို့နောက် မန္တလေးမှ မြစ်ကြီးနားသို့ အသွား ခရီးသည်တင်ကားပေါ်တွင် လူကုန်တားရဲတပ်ဖွဲ့မှ အချိန်မီ ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင်  လူကုန်ကူးမူ (၁၉)မူ၊ တရားခံ အမျိုးသား(၂၃)ဦးနှင့် အမျိုးသမီး(၂၄)ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းအမူများတွင် (၁၈)မူမှာ တရုတ်နိုင်ငံသို့ ဦးတည်သည့်အမူများ ဖြစ်ပြီး လူကုန်ကူးခံရသူများမှာ အမျိုးသမီး (၂၆)ဦးဖြစ်ကြောင်း အမှတ်(၁၁) လူကုန်ကူးမူ တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ခုနှစ်က လူကုန်ကူးမူ (၁၄)မူနှင့် ၂၀၁၈တွင် လူကုန်ကူးမူ(၂၈)မူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားသည့် လူကုန်ကူးများတွင် အချို့မှာ တရုတ်အမျိုးသားနှင့် တရားဝင်လက်ထပ်ကာ လူကုန်ကူးသည့် ဖြစ်စဉ်များ တွေ့ရှိရပြီး ထိုသို့အသော အမူများမှာ နှစ်ဖက်သဘောတူဖြစ်သည့်အတွက် ဖော်ထုတ်ရန် အခက်အခဲရှိကြောင်း လူကုန်တားရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များအရ အဓမ္မထိမ်းမြား လက်ထပ်မှု (၇၅)ရာခိုင်နှုန်းကျော်၊ အဓမ္မပြည့်တန်ဆာပြုမှု (၁၃)ရာခိုင်နှုန်းကျော်၊ အဓမ္မ အလုပ်ခိုင်းစေမှု (၈)ရာခိုင်နှုန်းကျော်နှင့် အငှားကိုယ်ဝန်ဆောင်မှု(၂)ရာခိုင်နှုန်းခန့်ရှိကြောင်း စက်တင်ဘာ(၁၃)ရက်က နေပြည်တော်တွင် ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

အဆိုပါ လူကုန်ကူးမူများအနက် တရုတ်နိုင်ငံ ဦးတည်သည့်အမူ (၇၀)ရာခိုင်နှုန်းခန့်နှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမူ (၁)ရာခိုင်နှုန်း ရှိကာ ကျန်အမူများမှာ ပြည်တွင်းတွင် ဖြစ်ပွားခြင်းဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု အမျိုးအစားများမှာ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ် လူကုန်ကူးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးရှိသည်ကို လေ့လာတွေ့ရှိရဟု ဒု-သမ္မတက ပြောသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်