မောင်မင်းမော်၊ သြဂုတ်-၃၀
ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည့် အမျိုးသမီးငယ်တစ်ဦးက အိမ်ရှင်များ မရှိခိုက် ကျပ်သိန်းလေးရာကျော်တန်ဖိုးရှိ ရွှေ၊ငွေနှင့် လက်ဝတ်ရတနာ ပစ္စည်းများ ခိုးယူထွက်ပြေးမူ သြဂုတ်(၂၈)ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ထိုသို့ ငွေနှင့် လက်ဝတ်ရတနာ ပစ္စည်းများ ခိုးယူထွက်ပြေးသွားသည်ဆိုသော အိမ်အကူ အမျိုးသမီးမှာ အသက်(၁၉)နှစ်အရွယ် ဖြစ်ပြီး လွန်ခဲ့သည့် တစ်လခန့်မှ စတင်အလုပ်ဝင်ခြင်းဖြစ်သည်ဟု ဆိုသည်။
သြဂုတ်(၂၈)ရက် နေ့လည် (၂)နာရီခန့်က ပြင်ဦးလွင်မြို့ ပွဲကောက်ကျေးရွာမှ အိမ်ရှင်မိသားစုဝင်များသည် ပြင်ဦးလွင်မြို့သို့ ဈေးဝယ်သွားရောက်ခဲ့ရာ နေအိမ်တွင် အထက်ပါ အိမ်အကူ အမျိုးသမီးတစ်ဦးသာ ကျန်ရစ်ခဲ့ကြောင်း၊ ထို့နောက် ညနေ(၄)နာရီခန့် ဈေးဝယ်ပြီး၍ နေအိမ်သို့ပြန်လာစဉ် အိမ်အကူအမျိုးသမီးမှာ နေအိမ်တွင်မရှိတော့ဘဲ သော့ခတ်ထားသည့် အိမ်တံခါးမှာ ပွင့်နေသဖြင့် ကြည့်ရှု့စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ ဘီရိုထဲတွင် သိမ်းဆည်းထားသည့် စိန်၊ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများအပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်သိန်းလေးရာကျော် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်မှ ပျောက်ဆုံးနေသည့် အိမ်အကူ အမျိုးသမီးကို ရွေ၊ငွေနှင့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူထွက်ပြေးမူဖြင့် ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။