ကိုနေကို၊ အောက်တိုဘာ-၂၅
မန္တလေးမြို့ ကျောက်စိမ်းရောင်းချပွဲတွင် ပြပွဲကာလပြီးဆုံးပါက လေလံဆွဲဝယ်ယူခဲ့သည့် ကျောက်စိမ်းများနှင့်ပတ်သက်၍ ငွေပေးငွေချေ လုပ်ငန်းများကို ဧရာဝတီဘဏ်တွင် ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။

အောက်တိုဘ(၂၃)ရက်မှ စတင်ကာ မန္တလေးမြို့တွင် ကျင်းပလျှက်ရှိသည့် ကျောက်စိမ်း အရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဧရာဝတီဘဏ်က လုပ်ကိုင်ခွင့်ရထားပြီး ပြပွဲကာလ ပြီးဆုံးပါကလည်း ငွေပေးငွေချေ လုပ်ငန်းများကို ဧရာဝတီဘဏ်၏ ဘဏ်ခွဲများမှ ဆက်လက်ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု မန်နေဂျာ ဒေါ်စန္ဒာကျော်သူ ပြောသည်။

“တိုင်းဒေသကြီး အစိုးရနဲ့ ဧရာဝတီဘဏ် ပူးပေါင်းဆောင်ရွက်တာပါ။ ကျောက်မျက်ပြပွဲ မှာ လေလံဆွဲဖို့ တစ်ဆယ်ရာခိုင်နှုန်း Deposit (အာမခံစပေါ်ငွေ) ပေးသွင်းတာကို လက်ခံပေးပါတယ်။ လေလံဆွဲတဲ့ အခါ လိုအပ်တဲ့ ငွေကြေးဝန်ဆောင်မှုများကို ဘဏ်ကနေ ဆောင်ရွက်ပေးတာပါ” ဒေါ်စန္ဒာကျော်သူ က ပြောသည်။
မန္တလေး ကျောက်မျက်ပြပွဲ ကာလအတွင်း ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ပြပွဲကျင်းပရာ မန္တလေး ကွန်ဗင်းရှင်း စင်တာတွင် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျှက်ရှိပြီး ပြပွဲပြီးဆုံးချိန်တွင် ဘဏ်ခွဲများမှ ဆက်လက်ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းတို့၏ ဦးဆောင်မှုဖြင့် မန္တလေးကျောက်မျက်အသင်းမှ ပထမအကြိမ်အဖြစ် ကျင်းပသည့် ကျောက်စိမ်း အရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို အောက်တိုဘာ(၂၃)ရက်မှ (၂၉)ရက်အထိ (၇)ရက်ကြာ ကျင်းပနေခြင်းဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်းတွဲ (၃၀၀၀)ခန့် ပြသရောင်းချလျှက် ရှိပြီး ကျောက်စိမ်း၊ကျောက်မျက် ဝယ်ယူမည့် ကုန်သည်များ အနေဖြင့် အာမခံ စပေါ်ငွေ အနည်းဆုံး ငွေကျပ် သိန်း(၂၀) ပေးသွင်းရသည်။ စပေါ်ငွေ ကျပ်သိန်း(၂၀) ပေးသွင်းထားသူသည် စပေါ်ငွေ၏ ဆယ်ဆဖြစ်သော ကျပ်သိန်း(၂၀၀)အထိ ကျောက်မျက်ဝယ်ယူခွင့်ရပြီး ကျောက်မျက်အများအပြား ဝယ်ယူလိုသူများအနေဖြင့် အာမခံစပေါ်ငွေ ပိုမိုပေးသွင်းထားရမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေး ကော်မတီက စည်းကမ်းထုတ်ပြန်ထားသည်။